The network connection is lost.

Banner Image

ကမ္ဘာ့ဖလားကြယ်ပွင့်ကိုနေးအတွက် ပေါင် ၃၃ သန်းတန်ကမ်းလှမ်းမှုကို ရိုးမားပယ်ချ

အခုနွေရာသီ၊ ပြင်သစ်ကွင်းလယ်လူကိုနေးအတွက် ကမ်းလှမ်းချက်တစ်ရပ်ကို ရိုးမားအသင်းက ပယ်ချလိုက်တယ်လို့ သိရပါတယ်။

ကြွက်သားဒဏ်ရာကြောင့် ချူအာမန်နီအနားယူနေရချိန် ကိုနေးက အခုနွေရာသီကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြင်သစ်အသင်းအတွက် အဓိကအရေးပါသူအဖြစ် သက်သေပြနိုင်ခဲ့ပြီး ထိပ်တန်းကလပ်အသင်းအများစုရဲ့ စိတ်ဝင်စားမှုကို ဆွဲဆောင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်သတ္တပတ်တွေအတွင်း အာဆင်နယ်၊ လီဗာပူးနဲ့ မန်ချက်စတာယူနိုက်တက်တို့က ကိုနေးကို ခေါ်ယူဖို့ ကြိုးပမ်းနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒီအသင်းတွေအားလုံးက ကိုနေးကိုလက်မလွှတ်ချင်တဲ့ ရိုးမားဆီ ကမ်းလှမ်းဖို့ ပြင်ဆင်နေကြပါတယ်။ 

စီးရီးအေကလပ်အသင်းဘက်ကတော့ ပြင်သစ်လက်ရွေးစင်ကစားသမားကို ပေါင်သန်း ၅၀ ဝန်းကျင်ကမ်းလှမ်းမှုဖြင့်သာ ထွက်ခွာခွင့်ပြုမယ်လို့ စိတ်ဝင်စားနေတဲ့အသင်းတွေဆီ အသိပေးထားပါတယ်။

Corriere dello Sport သတင်းဌာနရဲ့ဖော်ပြချက်အရ ရိုးမားအသင်းက အခုသီတင်းပတ်အတွင်း ကိုနေးအတွက် အက်သလက်တီကိုမက်ဒရစ်ရဲ့ ပေါင် ၃၃ ဒဿမ ၈ သန်းတန်ကမ်းလှမ်းမှုကို ပယ်ချလိုက်တယ်လို့ သိရပါတယ်။ ဒါ့အပြင် အခုလိုစပိန်ထိပ်သီးကလပ်အသင်းပါ အပြောင်းအရွှေ့ပြိုင်ဆိုင်မှုဆီ ပါဝင်လာလို့ လီဗာပူးနဲ့ ယူနိုက်တက်တို့လို ကလပ်အသင်းတွေအတွက် အခြေအနေတွေ ပိုမိုခက်ခဲသွားပါတယ်။ 

သရဲနီတွေက အခုနွေရာသီမှာ အသင်းကွင်းလယ်ပိုင်းကို ပြန်လည်တည်ဆောက်ဖို့ ကြိုးပမ်းနေပြီး အနည်းဆုံးကွင်းလယ်ကစားသမားနှစ်ဦးခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။ အတ္တလန်တာကြယ်ပွင့်အီဒါဆန်နဲ့ အပြောင်းအရွှေ့ကိစ္စ ပျက်ပြားသွားပြီးနောက် ယူနိုက်တက်က ကိုနေးအတွက် ရိုမားအသင်းတောင်းဆိုတဲ့စျေးနှုန်းအတိုင်း ပေးချေကောင်းပေးချေသွားနိုင်ပါတယ်။ 

ကိုနေးက ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်း ပြင်သစ်လက်ရွေးစင်အတွက် ပွဲဦးထွက်ပါဝင်ကစားခဲ့ပါတယ်။ အသက် ၂၅ နှစ်အရွယ်ကစားသမားက နိုင်ငံလက်ရွေးစင်အသင်းအတွက် ၁၈ ပွဲသာ ကစားပေးထားရသေးပေမဲ့ အင်္ဂါနေ့၊ စပိန်အသင်းနဲ့ရင်ဆိုင်ရချိန်မှာ ပြင်သစ်အသင်းကို ကမ္ဘာ့ဖလားဗိုလ်လုပွဲတက်လှမ်းဖို့ ကူညီပေးနိုင်မလား စောင့်ကြည့်သွားရပါမယ်။