ချဲလ်ဆီးကို ငြင်းဆန်ပြီး ဆန်းဒါးလန်းမှာပဲ ဆက်ရှိနေမယ်လို့ ဇာခါ အတည်ပြု
ချဲလ်ဆီးအသင်းရဲ့စိတ်ဝင်စားမှုကို ရရှိထားပေမဲ့ ဆန်းဒါးလန်းအသင်းမှာ ဆက်ရှိနေပါမယ်လို့ ဇာခါက အတည်ပြုလိုက်ပါတယ်။
လက်ရှိမှာ ဆွစ်ဇာလန်အသင်းနဲ့အတူ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်နေတဲ့ ဇာခါကို ချဲလ်ဆီးက ပြောင်းရွှေ့ကြေးပေါင် ၈ သန်းဖြင့် ခေါ်ယူဖိုဖို့ ကြိုးမ်းခဲ့ပါတယ်။ ဒါပေမဲ့ ဒီကမ်းလှမ်းမှုကို ဆန်းဒါးလန်းအသင်း ချက်ချင်းဆိုသလို ပယ်ချခဲ့ပါတယ်။ အလွန်ဆိုရဲ့အနောက်လန်ဒန်စီမံကိန်းမှာ ပါဝင်ဖို့ အသင်းမှ ဇာခါထွက်ခွာချင်နေတယ်ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ဖူးပေမဲ့ ကစားသမားကိုယ်တိုင်ကတော့ အသင်းမှထွက်ခွာနိုင်ဖို့ ဖိအားပေးသွားဖို့ မရှိဘူးလို့ သိရပါတယ်။
ဆန်းဒါးလန်းအသင်းကလည်း ပရိသတ်တွေ သီဆိုလေ့ရှိတဲ့ "We’ve got Granit Xhaka" ဆိုတဲ့ သီချင်းစာသားနဲ့အတူ အသင်းနဲ့ဇာခါ ဆက်ရှိနေမယ့်အကြောင်း လူမှုကွန်ရက်မှတဆင့် အရိပ်အမြွက်ဖော်ပြခဲ့ဖူးသလို ကစားသမားကိုယ်တိုင်လည်း ဒီဖော်ပြချက်ကို လူမှုကွန်ရက်စာမျက်နှာတွေမှာ ပြန်လည်မျှဝေခဲ့ပါတယ်။
အခုသီတင်းပတ်အတွင်းမှာလည်း ဝါရင့်ကွင်းလယ်ကစားသမားက သူ့ရဲ့အနာဂတ်ကို ဆန်းဒါးလန်းအသင်းမှာပဲ ထားရှိတယ်လို့ အတည်ပြုလာခဲ့ပါတယ်။
"ပထမဆုံးရောက်လာတဲ့နေ့မှစလို့ ဆန်းဒါးလန်းက ကျွန်တော့်အတွက် နေအိမ်တစ်ခုလို ဖြစ်သွားပါတယ်။ ကျွန်တော်တို့အားလုံး တကယ်ကို ပျော်ရွှင်နေကြပါတယ်။ ကျွန်တော်ကတော့ လက်ရှိနေရာမှာပဲ ဆက်နေဖို့ ဆုံးဖြတ်လိုက်ပါပြီ၊ မိသားစုက အရေးကြီးဆုံးပါပဲ။ အသင်းနဲ့အတူ သမိုင်းသစ်တွေရေးထိုးဖို့ အသင့်ဖြစ်နေပါပြီ" လို့ ဇာခါက ဆိုပါတယ်။
လက်ရှိကမ္ဘာ့ဖလားအတွေ့အကြုံနဲ့ပတ်သက်ပြီးတော့လည်း သူက "အချိန်ပိုကြာလာလေလေ ကျွန်တော် ပိုပြီး တိုးတက်လာလေလေပါပဲ။ အသင်းဖော်တွေ၊ နည်းပြတွေနဲ့ ချစ်ခင်ရသူတွေရဲ့အားပေးမှုတွေမှတဆင့် အတွေ့အကြုံတွေ အများကြီးရရှိခဲ့ပါတယ်။ ဒါတွေအားလုံးက ကျွန်တော့်ကို ပျော်ရွှင်စေပါတယ်" လို့ ပြောခဲ့ပါတယ်။
ယမန်နှစ်ဘောလုံးရာသီ၊ အမှတ်ပေးဇယားအဆင့်-၇ နေရာနဲ့အတူ ပရီးမီးယားလိဂ်ဆီတန်းတက်လာပြီး အဖွင့်ဘောလုံးရာသီမှာတင် ဥရောပပြိုင်ပွဲဝင်ခွင့်ရရှိတဲ့ ပဉ္စမမြောက်ကလပ်အသင်းအဖြစ် ဆန်းဒါးလန်းအသင်း မှတ်တမ်းဝင်ချိန် ဇာခါက အသင်းရဲ့အဓိကကစားသမား ဖြစ်ခဲ့ပါတယ်။ သူက လာမယ့်ရာသီမှာလည်း အခုလိုအောင်မြင်မှုတွေ ဆက်လက်ရယူရန် ကြိုးပမ်းသွားဖို့ ရှိနေပြီး တဖက်မှာတော့ ချဲလ်ဆီးက ဥရောပပြိုင်ပွဲဝင်ခွင့်ရရှိဖို့ ကြိုးစားနေရဆဲ ဖြစ်ပါတယ်။