ကာတစ်ဂျုံးစ်အတွက် ကမ်းလှမ်းမှုအသစ်ကို လီဗာပူးအသင်း ပယ်ချခဲ့ပြီးနောက် လက်လျှော့ဖို့အတွက် အင်တာမီလန်အသင်း အဆင်သင့်ဖြစ်နေ
အင်တာမီလန်အသင်းက ကွင်းလယ်ကစားသမားကာတစ်ဂျုံးစ်အပေါ် ကာလရှည်စိတ်ဝင်စားနေမှုကို အဆုံးသတ်သွားဖို့ ပြင်ဆင်နေလို့ လီဗာပူးအသင်းအတွက် အခုနွေရာသီငွေကြေးအကျိုးအမြတ်တစ်ခုနဲ့ လွဲချော်သွားဖွယ် ရှိနေပါတယ်။
၂၀၂၆ ခုနှစ်အစောပိုင်း၊ ကာတစ်ဂျုံးစ်အတွက် စီးရီးအေချန်ပီယံတွေရဲ့ အငှားကမ်းလှမ်းမှုကို နည်းပြအန်းစလော့ရဲ့ဆန္ဒကြောင့် လီဗာပူးအသင်း ပယ်ချခဲ့ဖူးပါတယ်။
ဒါပေမဲ့ အန်ဖီးလ်မြေဆီ အီရာအိုလာ ရောက်ရှိလာပြီးနောက် အနာဂတ်မရေမရာဖြစ်လာတဲ့ အသက် ၂၅ နှစ်အရွယ်ကစားသမားကို အင်တာမီလန်အသင်း ခေါ်ယူနိုင်လိမ့်မယ်လို့ မျှော်လင့်ခဲ့ကြပါတယ်။
The Athletic ရဲ့နောက်ဆုံးဖော်ပြချက်အရ အင်တာမီလန်ရဲ့ ဒုတိယအကြိမ်နွေရာသီကမ်းလှမ်းမှုဖြစ်တဲ့ ယူရို ၂၅ သန်း (ပေါင် ၂၁ ဒဿမ ၇ သန်း) ဝန်းကျင်ကို လီဗာပူးအသင်း ပယ်ချခဲ့ပြီး မာဆေးဆိုဒ်ကလပ်အသင်းက သူတို့ရဲ့ကစားသမားအတွက် ပေါင် ၃၅ သန်း (ယူရိုသန်း ၄၀ ဝန်းကျင်)အထိ လိုလားနေတယ်လို့ သိရပါတယ်။
ကာတစ်ဂျုံးစ်ရဲ့ အန်ဖီးလ်ကစားသမားဘ၀က စာချုပ်သက်တမ်းနောက်ဆုံးနှစ်ဆီ ဝင်ရောက်လာနေပြီး စာချုပ်သစ်ချုပ်ဆိုနိုင်မယ့် အလားအလာလည်း မရှိသလောက်ဖြစ်နေပေမဲ့ ကလပ်အသင်းဘက်ကတော့ သူတို့ရဲ့ပြောင်းရွှေ့ကြေးတောင်းဆိုမှုကို အပြောင်းအလဲ မပြုလုပ်ပေးထားပါဘူး။
အီတလီသတင်းဌာန Calciomercato ရဲ့အဆိုအရ အင်တာမီလန်အသင်းက အခုအချိန်မှာ ဒီအပြောင်းအရွှေ့လှုပ်ရှားမှုအပေါ် စိတ်ကုန်သွားခဲ့ပြီး ကာတစ်ဂျုံးစ်အတွက် နောက်ဆုံးကမ်းလှမ်းထားတဲ့တန်ဖိုးထက် ပိုမိုတိုးမြှင့်ပေးသွားဖို့ ဆန္ဒမရှိဘူးလို့ သိရပါတယ်။
အင်တာမီလန်အသင်းတာဝန်ရှိသူတွေကလည်း လာမယ့်နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ရရှိနိုင်သလို ၂၀၂၇ ခုနှစ်၊ နှစ်ဆန်းပိုင်းမှာတင် တရားဝင်ဆွေးနွေးနိုင်မယ့် ကစားသမားတစ်ဦးအတွက် သူတို့ပေးချေနိုင်တဲ့ အမြင့်ဆုံးပမာဏဖြစ်တယ်လို့ အသိပေးထားပါတယ်။
လီဗာပူးအကယ်ဒမီမှထွက်ပေါ်လာပြီးနောက် စီနီယာအသင်းကြီးအတွက် ပွဲ ၂၀၀ ကျော် ပါဝင်ကစားခဲ့ပေမဲ့ ယာဂန်ကလော့ပ်၊ အန်းစလော့တို့ရဲ့ယုံကြည်ကိုးစားမှု မရရှိခဲ့တဲ့ ကာတစ်ဂျုံးစ်အတွက် အသင်းရဲ့သဘောထားပျော့ပြောင်းလာမယ်ဆိုရင် အီတလီဆီပြောင်းရွှေ့ဖို့ဆိုတာ အကောင်းဆုံးလမ်းကြောင်းတစ်ခု ဖြစ်လာနိုင်ပါတယ်။