The network connection is lost.

Banner Image

ပါရာဂွေးနဲ့ပွဲမတိုင်ခင် မိမိကိုယ်ကိုယ်သက်သေပြစရာမလိုဘူးလို့ ယူဆထားတဲ့ ဂျာမနီနည်းပြနာဂယ်စ်မန်း

ကမ္ဘာ့ဖလားလေးကြိမ်ဆုရှင်ဂျာမနီအသင်းရဲ့ ပါရာဂွေးနဲ့ရင်ဆိုင်ရမယ့် နောက်ဆုံး ၁၂ နှစ်အတွင်း ပထမဆုံးရှုံးထွက်ပွဲစဉ်မတိုင် နည်းပြဂျူလီယန်နာဂယ်စ်မန်းက ကိုယ့်ကိုယ်ကိုယ်သက်သေပြသွားဖို့ ဘာဖိအားမျိုးမှ မရှိထားဘူးလို့ တနင်္ဂနွေနေ့မှာ ပြောကြားခဲ့ပါတယ်။

အခုကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် ကိုးပွဲဆက်အနိုင်ရရှိခဲ့တဲ့ ဂျာမနီအသင်းက အုပ်စုအဖွင့်ပွဲစဉ်မှာ ကူရာကာအိုအသင်းကို ၇-၁ ဂိုးဖြင့် ဂိုးပြတ်အနိုင်ယူခဲ့သလို အိုင်ဗရီကို့စ်နဲ့ပွဲစဉ်မှာလည်း နာကျင်အချိန်ပိုသွင်းဂိုးနဲ့အတူ အုပ်စုဗိုလ်အဖြစ် နောက်တစ်ဆင့်တက်ရောက်နိုင်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

၂၀၁၈ ခုနှစ်နဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ အုပ်စုအဆင့်မှ စိတ်ပျက်စရာထွက်ခွာခဲ့ရဖူးတဲ့အသင်းက ၁၂ ပွဲဆက်တိုက်အနိုင်ရရှိမယ့် မှတ်တမ်းကောင်းကို ပိုင်ဆိုင်ဖို့ရှိထားပေမဲ့ အီကွေဒါကို ၂-၁ ဂိုးဖြင့် မထင်မှတ်ဘဲ နိုင်ပွဲဆက်စံချိန်ပြတ်တောက်သွားပြီး ပရိသတ်တွေအကြား စိုးရိမ်မှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။

ဒီရှုံးနိမ့်မှုကြောင့် ဂျာမနီအသင်းရဲ့အုပ်စုဗိုလ်နေရာကို မထိခိုက်ပေမဲ့ ပြိုင်ပွဲမတိုင်ခင်ကတည်းကပင် ချန်ပီယံဆုရရှိဖို့ကို ရည်မှန်းထားတယ်လို့ အမြဲပြောဆိုခဲ့တဲ့ နာဂယ်စ်မန်းအတွက် ဖိအားတွေ ချက်ချင်းမြင့်တက်လာခဲ့ပါတယ်။

"ဒါက အသင်းအဖွဲ့လိုက်စည်းလုံးညီညွတ်မှုနဲ့ အောင်မြင်မှုအပေါ်မှာပဲ မူတည်ပါတယ်။ ကျွန်တော်တို့ အသင်းအတွင်းမှာ ရှိထားတဲ့ ကောင်းမွန်တဲ့ ပတ်ဝန်းကျင်ကို ကွင်းထဲအထိ ယူဆောင်လာနိုင်ဖို့ပါပဲ။ ကျွန်တော်က ကစားသမားတွေကို အကောင်းဆုံးကူညီပေးပြီး ပွဲစဉ်အတွက် အကောင်းဆုံးပြင်ဆင်ပေးဖို့မှလွဲရင် အခြားဘာကိုမှသက်သေပြစရာ မလိုပါဘူး" လို့ နာဂယ်စ်မန်းက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

"ဘယ်သူ့ကိုမဆို ကျွန်တော့်ကိုယ်ကျွန်တော် သက်သေပြဖို့ တာဝန်ရှိတယ်လို့ မထင်ပါဘူး" လို့ သူက ထပ်လောင်းပြောကြားခဲ့ပါတယ်။

နာဂယ်စ်မန်းက ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလအတွင်း အသင်းကို စတင်တာဝန်ယူခဲ့ပြီး သူ့အတွက် နည်းပြဘ၀ပထမဆုံးကမ္ဘာ့ဖလားပြိုင်ပွဲကြီး ဖြစ်ပါတယ်။ သူက အုပ်စုပွဲစဉ်သုံးခုလုံးမှာ အသင်းရဲ့အဓိကဂိုးသွင်းစက်ဖြစ်တဲ့ အွန်ဒက်ဗ်ကို အရန်ခုံမှာသာထားရှိခဲ့ပြီး ဒီတိုက်စစ်မှူးကိုယ်တိုင်လည်း အခုပြိုင်ပွဲမှာ အရန်ကစားသမားအဖြစ် ပါဝင်ကစားရချိန် သုံးဂိုးသွင်း၊ ဂိုးဖန်တီးမှု နှစ်ကြိမ် ပြုလုပ်ကာ ခြေစွမ်းပြသထားပါတယ်။

ဒါကြောင့် ပုံစံကောင်းပျောက်ဆုံးနေတဲ့ မူစီယာလာနဲ့ ဖလော်ရီယန်ဝစ်ဇ်တို့လို ကစားသမားတွေကို ပွဲထွက်ခွင့်ပေးထားမှုအပါအဝင် သီးသန့်ပွဲထွက်လူစာရင်းသာ အသုံးပြုနေမှုအပေါ် နာဂယ်စ်မန်းအတွက် ဖိအားတွေ၊ ဝေဖန်မှုတွေ ရှိလာပါတယ်။

ပါရာဂွေးအသင်းကတော့ ပြိုင်ပွဲဝင်အသင်း ၄၈ ခုပါ ပြိုင်ပွဲကြီးရဲ့ အကောင်းဆုံးအုပ်စုတတိယစာရင်းဝင်အသင်းတစ်ခုအဖြစ် ရှုံးထွက်အဆင့်ဆီ တက်လှမ်းလာပြီး လာမယ့်တနင်္လာနေ့ပွဲစဉ်မှာ အနိုင်ရရှိဖို့ ရေပန်းစားမှု အားနည်းတဲ့အသင်းအဖြစ် သတ်မှတ်ခံထားရပါတယ်။

"ပါရာဂွေးဆိုတာ ကျွန်တော်တို့အပေါ် အများကြီးစိန်ခေါ်လာနိုင်တဲ့ တကယ့်ကို ခက်ခဲတဲ့ ပြိုင်ဘက်တစ်ဦး ဖြစ်ပါတယ်" လို့ နာဂယ်စ်မန်းက ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် သူက ဂျာမနီနိုင်ငံရှိပရိသတ်တွေရဲ့မျှော်လင့်ချက်ဆိုတာ အမြဲတမ်းအနိုင်ရရှိဖို့ပဲလို့ ဆိုပါတယ်။

"လက်ရွေးစင်အသင်းအကြောင်းပြောရရင် အမြဲတမ်းအနိုင်ရဖို့ဖြစ်ပြီး ပွဲတိုင်းကို အနိုင်ရရှိအောင် ကြိုးစားသွားရပါမယ်။ မျှော်လင့်ချက်တွေကို ဘယ်လိုကိုင်တွယ်မလဲဆိုတာတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိဖို့ပါပဲ။ ကစားသမားတွေကိုယ်တိုင် ကွင်းထဲမှာ သက်တောင့်သက်သာရှိပြီး မှန်ကန်တဲ့ ကစားဟန်တွေနဲ့ ကစားနိုင်ဖို့လည်း အရေးကြီးပါတယ်" 

"အနို်ငရရင် အရာရာတိုင်း ပြီးပြည့်စုံသလို ရှုံးနိမ့်ရင် အရာရာတိုင်း ဆိုးရွားလွန်းပါတယ်။ ဒါကြောင့် မနက်ဖြန်ပွဲစဉ်မှာ ကျွန်တော်တို့ အနိုင်ကစားသွားရပါမယ်" လို့ သူက ဆိုပါတယ်။