
ပို့ဗေးလ်နဲ့ပွဲစဉ်မှာ အာဆင်နယ်ကစားသမားဘဝ ပထမဆုံးသွင်းဂိုးရယူနိုင်ခဲ့တဲ့ အီဇီ
ကြာသပတေးနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ ကာရာဘောင်ဖလား တတိယအဆင့်ပွဲစဉ်မှာ အာဆင်နယ်ဟာ လိဂ်ဝမ်းကလပ် ပို့ဗေးလ်ကို ၀-၂ နဲ့အနိုင်ရခဲ့ပြီး အသင်းအတွက်အဖွင့်ဂိုးကို တောင်ပံကစားသမားသစ် အီဘရီချီအီဇီက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
အဆိုပါသွင်းဂိုးဟာ အီဇီရဲ့ အာဆင်နယ်ကစားသမားဘဝ ပထမဆုံးသွင်းဂိုးဖြစ်ခဲ့ပြီး ပွဲအပြီးမှာတော့ အင်္ဂလန်သားက အဆိုပါသွင်းဂိုးအတွက် ဂုဏ်ယူဝမ်းမြောက်မိကြောင်း ပြောကြားလာခဲ့ပါတယ်။ အင်္ဂလန်လက်ရွေးစင်က "ဒီနေ့က ကျွန်တော့်ရဲ့ပထမဆုံးသွင်းဂိုးရခဲ့သလို၊အသင်းကလည်း နိုင်ပွဲရခဲ့လို့ အရမ်းကောင်းတဲ့နေ့ဖြစ်ခဲ့ပါတယ်။ နောက်တစ်ဆင့်ကိုတက်နိုင်ဖို့က အရမ်းအရေးကြီးပါတယ်။ ဒါပေမယ့် ကျွန်တော့်အတွက်လည်း ဒီနေ့က နေ့ထူးနေ့မြတ်ဖြစ်ခဲ့ပါတယ်"
"ကျွန်တော် ဂိုးဧရိယာထဲမှာ နေရာလွတ်လိုက်ရှာရင်း ဒီဂိုးသွင်းဖို့ အခွင့်အရေးရခဲ့တာပါ။ ဂိုးဧရိယာထဲမှာဆိုတော့ ဘောလုံးကို အကြာကြီးထိလို့မရမှန်းသိနေခဲ့ပါတယ်။ ဒါကြောင့် ရတာနဲ့ တစ်ခါတည်းတန်းကန်ခဲ့တာပါ။ နောက်ကွယ်မှာ ဒီလိုဂိုးတွေသွင်းနိုင်ဖို့ အလုပ်တွေအများကြီးကြိုးစားထားပေမယ့် ကံကောင်းတာကြောင့်လည်း ပါပါတယ်" လို့ပြောကြားခဲ့ပါတယ်။
အီဇီဟာ တစ်ချိန်က အာဆင်နယ်အကယ်ဒမီမှာနေထိုင်ခဲ့သူဖြစ်ပြီး ယခုပွဲစဉ်မှာလည်း အကယ်ဒမီထွက်ကစားသမားတွေဖြစ်တဲ့ ဘူကာယိုဆာကာ၊ မိုင်လက်စ်လူးဝစ်စကယ်လီ၊ အီသန်နွာနီရီတို့နဲ့အတူ ပွဲထွက်ခွင့်ရခဲ့တာဖြစ်ပါတယ်။ ယခုနိုင်ပွဲကြောင့် အာဆင်နယ်ဟာ စတုတ္ထအဆင့်မှာတော့ ပရီးမီးယားလိဂ်ကလပ် ဘရိုက်တန်ကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ဆက်လက်ပြီး အီဇီက "အိမ်နဲ့ဝေးတဲ့ ဒီလိုနေရာကိုလာကစားရတာ မလွယ်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ အနိုင်ရဖို့နည်းလမ်းရှာဖွေနိုင်ခဲ့ပြီး အရေးကြီးဆုံးအချက်အနေနဲ့ နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ယခုပွဲစဉ်ကို အာဆင်နယ်ပရိသတ် ၃ ထောင်ကျော်အထိလာရောက်အားပေးခဲ့တယ်လို့သိရပြီး အီဇီက "ပရိသတ်တွေ ဒီလောက်အများကြီးလာအားပေးတာ ဝမ်းသာစရာပါ။ သူတို့ ကျွန်တော်တို့အတွက် အဓိပ္ပာယ်ရှိပါတယ်။ ဒီလိုအားပေးမှုမျိုးကို အမြဲတမ်းရချင်ပါတယ်။ ကျွန်တော်တို့ကိုယ်တိုင်ကလည်း သူတို့အတွက် အကောင်းဆုံးကြိုးစားသွားပါမယ်" လို့ပြောကြားခဲ့ပါတယ်။