ယူနိုက်တက်နဲ့ စာချုပ်သစ်ဆွေးနွေးမှု ရပ်တန့်နေချိန် စပို့တင်းလစ္စဘွန်းဆီ ပြန်လာဖို့ ဘရူနိုဖာနန်ဒက်စ် လမ်းဖွင့်ထား
ဘရူနိုဖာနန်ဒက်စ်က မန်ချက်စတာယူနိုက်တက်နဲ့ စာချုပ်သစ်အတွက် ဆွေးနွေးမှုတွေ ရပ်တန့်နေချိန် စပို့တင်းလစ္စဘွန်းဆီ ပြန်သွားနိုင်မယ့်လမ်းကို ဘယ်တော့မှ မပိတ်ပင်ထားဘူးလို့ ပြောကြားလိုက်ပါတယ်။
အသက် ၃၂ နှစ်အရွယ်ကစားသမားရဲ့လက်ရှိစာချုပ်က အခုဘောလုံးရာသီကုန်မှာ သက်တမ်းပြည့်မြောက်ဖို့ရှိနေလို့ ကစားသမားရဲ့ အိုးထရက်ဖို့ဒ်အနာဂတ် အမှန်တကယ် မရေမရာ ဖြစ်နေပါတယ်။
မန်ချက်စတာယူနိုက်တက်ရဲ့လတ်တလောစာချုပ်ကမ်းလှမ်းမှုကို ဖာနန်ဒက်စ်က ငြင်းပယ်ခဲ့ပြီး ပိုချက်တီနိုရဲ့လက်အောက် အခြေအနေတွေ ဘယ်လိုဖြစ်လာမလဲဆိုတာကို စောင့်ကြည့်နေတယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။
ဒါပေမဲ့လည်း ကလပ်အသင်းဆီမှာ စာချုပ်ကို နောက်ထပ် ၁၂ လ သက်တမ်းတိုးနိုင်တဲ့ ရွေးချယ်ခွင့် ရှိနေဆဲ ဖြစ်ပါတယ်။
ဗုဒ္ဓဟူးနေ့ချန်ပီယံလိဂ်ပွဲစဉ်မှာ ယူနိုက်တက်က ဘရူနိုဖာနန်ဒက်စ်ရဲ့ကလပ်အသင်းဟောင်း စပို့တင်းလစ္စဘွန်းနဲ့ ရင်ဆိုင်ရဖို့ ရှိနေပါတယ်။
ဘရူနိုဖာနန်ဒက်စ်ကတော့ "စပို့တင်းဆီ ပြန်သွားမယ့် တံခါးကို ကျွန်တော် ဘယ်တော့မှ မပိတ်ထားပါဘူး။ ဒါက ကျွန်တော့်နှလုံးသားရဲ့ အထူးနေရာတစ်ခုမှာ အမြဲတမ်းရှိနေမယ့် ကလပ်အသင်းတစ်ခုပါ"
"စပို့တင်းက ကျွန်တော့်ရဲ့အလားအလာကို ပထမဆုံးယုံကြည်ပေးခဲ့တဲ့ ကလပ်အသင်းပါ။ ဘာတွေပဲ ဖြစ်ပျက်ခဲ့ပါစေ၊ ဒီကလပ်အသင်းပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာနဲ့ ကြင်နာမှုကို ကျွန်တော် အမြဲခံစားရပြီး ဒါက ကစားသမားတစ်ဦးအဖြစ် ကျွန်တော် ကြီးပြင်းလာဖို့အတွက် မရှိမဖြစ် အရေးပါခဲ့ပါတယ်" လို့ ပြောပါတယ်။
ယူနိုက်တက်နဲ့အတူ ရှိနေမယ့် သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ဘရူနိုဖာနန်ဒက်စ်က "အဲဒီအကြောင်း ပြောဖို့ ကျွန်တော်တို့ဆီမှာ အချိန်ရှိပါသေးတယ်" လို့ ထပ်လောင်းပြောပါတယ်။
"ဒါက ကျွန်တော့်ရဲ့အနာဂတ်ဖြစ်သလို ကျွန်တော့်မှာ အချိန်အများကြီး မကျန်တော့လို့ ဒီလိုမျိုး မတွေးသင့်ဘူးဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမဲ့ ရလဒ်တွေအတွက် ကျွန်တော် ပိုပြီး စိုးရိမ်ပူပန်မိပါတယ်"
"ကျွန်တော်တို့ ပွဲစဉ်တွေအနိုင်ရရှိလာဖို့အတွက် စာချုပ်ဆွေးနွေးမှုတွေကို ရပ်တန့်ထားခဲ့တာပါ၊ အဲဒီနောက်မှပဲ စာချုပ်အကြောင်းကို ဆွေးနွေးနိုင်ပါလိမ့်မယ်။ အခုတော့ အဲဒီလိုဆွေးနွေးဖို့အတွက် အချိန်အခါ မကျသေးပါဘူး" လို့ ဆိုပါတယ်။