ချဲလ်ဆီးကို ဂိုးပြတ်အနိုင်ယူခဲ့တဲ့ပွဲစဉ်ရဲ့နောက်ကွယ်မှာ ဒေးဗစ်မိုယက်စ်ရဲ့လွှမ်းမိုးမှု ရှိနေတယ်လို့ ဆိုလိုက်တဲ့ ဂူယီ
ပြီးခဲ့တဲ့အပတ်၊ ချဲလ်ဆီးကို အနိုင်ယူခဲ့တဲ့ပွဲစဉ်ကို ဟေးလ်ဒစ်ကင်ဆန်ကွင်းအတွင်း သူကြုံတွေ့ဖူးသမျှ အကောင်းဆုံးအတွေ့အကြုံအဖြစ် အဲဗာတန်ကွင်းလယ်ကစားသမား ဂူဟီက ဝန်ခံပြောကြားခဲ့ပါတယ်။
အဲဒီပွဲစဉ်မှာ အဲဗာတန်က ချဲလ်ဆီးကို ၃-၀ ဂိုးဖြင့် အပြတ်အသတ်အနိုင်ယူပြီး အကောင်းဆုံး ခြေစွမ်းပြသခဲ့ပါတယ်။
အခုလိုခြေစွမ်းကောင်းတွေ ဘာကြောင့်ပြသနိုင်ခဲ့တာလဲလို့ မေးမြန်းရာမှာတော့ ဂူယီက "ကျွန်တော်တို့ကစားသမားအားလုံး အသင်းဝန်ထမ်းတွေရဲ့ အကြံပေးချက်တွေကို လိုက်နာခဲ့ပြီး နည်းပြကိုယ်တိုင်လည်း ကျွန်တော်တို့ကို ယုံကြည်မှုတွေ ပေးအပ်ခဲ့လို့ပါ" လို့ ဖြေကြားခဲ့ပါတယ်။
"ပွဲမစခင်မှာ ဒေးဗစ်မိုယက်စ်က ကျွန်တော်တို့ကို 'ဒီနေ့မှာ အိမ်ကွင်းကစားဟန်မျိုးနဲ့ စပြီး ကစားဖို့ တကယ်လိုအပ်တယ်' လို့ ပြောခဲ့ပါတယ်။ ပြီးတော့ နောက်ဆုံးကစားခဲ့တဲ့ အိမ်ကွင်းပွဲစဉ်ကလည်း ကျွန်တော်တို့ကို ယုံကြည်မှု ပိုရစေခဲ့တယ်လို့ ထင်ပါတယ်" လို့ သူက ဆိုပါတယ်။
ဆက်လက်ပြီးတော့လည်း "ကျွန်တော်တို့ ကွင်းထဲမှာ အသင်းလိုက်စုစုစည်းစည်းနဲ့ ကစားခဲ့ကြပါတယ်။ အသင်းလိုက် ခုခံကာကွယ်ခဲ့ကြတယ်။ ဒါ ကျွန်တော်တို့ လိုအပ်နေတဲ့အရာပါ။ အသင်းကို ရသင့်ရထိုက်တဲ့ နေရာတစ်ခုဆီရောက်အောင် ကျွန်တော်တို့ ကြိုးစားနေပါတယ်။
ပြီးခဲ့တဲ့နှစ်မှာ အသင်းရဲ့အခြေအနေ သိပ်မကောင်းခဲ့ပေမဲ့ အခုတော့ ရှေ့ကို စတင်လှမ်းနေပါပြီ။ ဒါ အဲဗာတန်အတွက် လိုအပ်နေတဲ့ အပြောင်းအလဲဖြစ်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ဂူယီက "တကယ်ကို ကောင်းမွန်တဲ့ ပွဲစဉ်တစ်ခုပါ။ ကျွန်တော်တို့ အသင်းလိုက် တကယ်ကောင်းကောင်းကစားနိုင်ခဲ့ပါတယ်။ ဘောလုံးနဲ့အတူ တည်တည်ငြိမ်ငြိမ် ရှိခဲ့သလို ခံစစ်ပိုင်းလည်း တကယ်ကို ကောင်းမွန်ခဲ့ပါတယ်။ ပရိသတ်တွေကလည်း ကျွန်တော်တို့နောက်မှာ အခိုင်အမာရှိနေလို့ ဒီအိမ်ကွင်းနိုင်ပွဲကို မဖြစ်မနေလိုအပ်ခဲ့ပါတယ်။
ပရိသတ်တွေရဲ့ တွန်းအားပေးမှုကြောင့် ဒီပွဲကို အနိုင်ရခဲ့တာဖြစ်သလို ပေးဂိုးမရှိဘဲ သုံးဂိုးပြတ်နဲ့ နိုင်ခဲ့တယ်ဆိုတာ အသင်းအတွက်ရော ကျွန်တော်တို့အတွက်ပါ အရမ်းကောင်းပါတယ်။ ဒီလိုပုံစံအတိုင်းပဲ ဆက်သွားဖို့ လိုပါတယ်" လို့ ထပ်လောင်းပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် ကွင်းသစ်မှာကစားရမှုအပေါ် ဂူယီက " ပြီးခဲ့တဲ့ပွဲစဉ်အနည်းငယ်တုန်းက အဆင်မပြေမှုတွေ ရှိခဲ့ပေမဲ့ အခုတော့ နိုင်ပွဲတွေ ဆက်တိုက်ရရှိလာပါပြီ။ ဒီအတိုင်း ဆက်သွားနိုင်ဖို့ မျှော်လင့်ပါတယ်။
ကျွန်တော်တို့ကစားခဲ့တဲ့ပုံစံကို လူတိုင်းသဘောကျမယ်လို့ ထင်သလို ဒီနိုင်ပွဲအတွက်လည်း အားလုံးပျော်ရွှင်ကြပါလိမ့်မယ်။ နောက်ပွဲမှာလည်း ထပ်ပြီး အနိုင်ရရှိအောင် ကြိုးစားသွားပါမယ်" လို့ နိဂုံးချုပ်ပြောကြားသွားခဲ့ပါတယ်။