ရိုဒရီရောက်ရှိလာမှုနဲ့ပတ်သက်လို့ ကိုယ်ပိုင်အမြင်ကို ထုတ်ဖော်ပြသလိုက်တဲ့ ဖာမင်လိုပက်ဇ်
ဖာမင်လိုပက်ဇ်က ဘာစီလိုနာအသင်းဆီ ရိုဒရီပူးပေါင်းလာမှုအပေါ် စိတ်လှုပ်ရှားမိပြီး အသင်းအတွက် ကောင်းမွန်တဲ့အင်အားဖြည့်တင်းမှုတစ်ခု ဖြစ်လာလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။
ကာတာလန်ဒေသထုတ်သတင်းစာတစ်စောင်ဖြစ်တဲ့ Diari Ara နဲ့ ပြုလုပ်တဲ့ အင်တာဗျူးတစ်ခုမှာ အသက် ၂၃ နှစ်အရွယ်ကစားသမားက မကြာခင်ရောက်ရှိလာတော့မယ့် စပိန်လက်ရွေးစင်အသင်းဖော်အကြောင်းကို ဆွေးနွေးပြောကြားခဲ့ပါတယ်။
ရိုဒရီနဲ့ပတ်သက်ပြီး လိုပက်ဇ်က "သူက ကစားသမားကောင်းတစ်ဦးပါ။ ရွှေဘောလုံးဆု (Ballon d'Or) ရရှိထားသလို ကမ္ဘာ့ချန်ပီယံလည်း ဖြစ်ပါတယ်။ ကျွန်တော့်မှာ သူ့ကို နိုင်ငံလက်ရွေးစင်အသင်းဖော်အဖြစ် ရရှိထားပြီး သူက ကမ္ဘာ့အကောင်းဆုံးကွင်းလယ်လူ ဖြစ်ပါတယ်။ သူက ကျွန်တော်တို့ကို အများကြီးကူညီပေးနိုင်ပါလိမ့်မယ်" လို့ ပြောကြားခဲ့ပါတယ်။
လိုပက်ဇ်က ဒဏ်ရာကြောင့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်လူစာရင်းနဲ့ လွဲချော်ခဲ့ပြီး ညာဘက်ခြေဖမိုးရိုးကျိုးဒဏ်ရာကို ခွဲစိတ်ကုသမှု ခံယူခဲ့ပါတယ်။
ဒါပေမဲ့ လတ်တလောမှာတော့ ကြံ့ခိုင်မှုအပြည့်အ၀ ပြန်လည်ရရှိနေပြီး ဘာစီလိုနာအသင်းရဲ့ ပြည်တွင်းချန်ပီယံဆုကာကွယ်ဖို့နဲ့ ပြည်ပအောင်မြင်မှုရှာဖွေရေးခရီစဉ်မှာ တက်တက်ကြွကြွပါဝင်ဖို့ အဆင်သင့်ရှိနေပါတယ်။
သူက ရိုဒရီအတွက် သူ့ရဲ့ကျောနံပါတ် ၁၆ ဂျာစီကို လွှဲပြောင်းပေးခဲ့ပြီး ကျောနံပါတ် ၇ ဂျာစီကို ပြောင်းလဲဝတ်ဆင်သွားပါလိမ့်မယ်။
လိုပက်ဇ်က "ကျောနံပါတ် ၇ ဆိုတာ ကျွန်တော် အမြဲတမ်း သဘောကျတဲ့ နံပါတ်တစ်ခုဖြစ်ပြီး ကျွန်တော်တို့အသင်းသမိုင်းတလျှောက် ကစားသမားကောင်းတွေ ဝတ်ဆင်ခဲ့တဲ့ နံပါတ်ဖြစ်ပါတယ်။ ဒီနံပါတ်လွတ်နေလို့ ကျွန်တော်ကိုယ်တိုင်တောင်းဆိုခဲ့ပြီး ဝတ်ဆင်ခွင့်ရလို့လည်း အလွန်ဝမ်းသာပါတယ်။
စီနီယာအသင်းနဲ့အတူ ဘောလုံးရာသီတွေ ဖြတ်သန်းခဲ့ပြီးချိန်မှာ ကျောနံပါတ် ၁၆ ကို အထူးသံယောဇဉ်တွယ်မိသလို ဒါကိုစွန့်လွှတ်လိုက်ရလို့ အနည်းငယ်တော့ ဝမ်းနည်းမိပါတယ်။ ဒါပေမဲ့ ဒီနံပါတ်က ပိုကောင်းတဲ့သူဆီ ရောက်ရှိသွားပြီလို့ ယုံကြည်ပါတယ်" လို့ ဆက်လက်ပြောကြားခဲ့ပါတယ်။