The network connection is lost.

Banner Image

ဘာစီလိုနာကစားသမားဘ၀ အစပြုပုံအကြောင်း ဖွင့်ဟလာတဲ့ ဂေါ်ဒွန်

နယူးကာဆယ်မှ ပြောင်းရွှေ့ထွက်ခွာလာပြီးနောက် စပိန်မြေမှာ သူ့ရဲ့အစပြုမှုအခြေအနေနေကို အန်သိုနီဂေါ်ဒွန်က ထုတ်ဖော်ပြောဆိုလာပါတယ်။

ဘာစီလိုနာနဲ့အတူ လက်ရှိအချိန်အထိ လာလီဂါခြောက်ပွဲ ကစားရာမှာ ဂိုးဖန်တီးမှုလေးကြိမ် ပြုလုပ်ထားနိုင်တဲ့ ဂေါ်ဒွန်က အင်္ဂလန်အတွက် ကစားပေးခဲ့တဲ့ နောက်ဆုံး ၁၀ ပွဲမှာလည်း ဂိုးပါဝင်ပတ်သက်မှု ၁၀ ကြိမ်ပြုလုပ်ကာ ခြေစွမ်းပြသထားနိုင်ပါတယ်။

ဒီအင်္ဂလန်ကြယ်ပွင့်က စပိန်ထိပ်သီးကလပ်အသင်းမှာ သွင်းဂိုးမရရှိသေးပေမဲ့ ပရီးမီးယားလိဂ်နဲ့ဝေးရာမြေမှာ အံ့အားသင့်ဖွယ်ကောင်းလောက်တဲ့ စတင်မှုတစ်ခုကို ပိုင်ဆိုင်ထားတယ်ဆိုတာတော့ ငြင်းမရနိုင်ပါဘူး။

ဘာစီလိုနာအတွက် လက်ရှိအချိန်အထိ သူ့ရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်လို့ မှတ်ချက်ပေးရာမှာ ဂေါ်ဒွန်က အသင်းဖော်ကွင်းလယ်လူပက်ဒရီကို ချီးကျူးခဲ့သလို မကြာမီမှာပဲ သူ့ရဲ့သွင်းဂိုးတွေ မြင်တွေ့လာရလိမ့်မယ်လို့ ယုံကြည်နေပါတယ်။

"ကျွန်တော့်ရဲ့ကစားသမားဘဝတလျှောက် ဘယ်သူမှမမြင်နိုင်တဲ့ ပြေးထွက်မှုတွေ အများကြီးလုပ်ခဲ့ဖူးပေမဲ့ အခုတော့ အရာအားလုံးကို အကုန်မြင်နိုင်တဲ့ပက်ဒရီလည်း ကျွန်တော့်ဆီမှာ ရှိနေပါပြီ" လို့ တောင်ပံကစားသမားက ပြောပါတယ်။

"အသင်းနဲ့အသားကျဖို့ဆိုတာ အတော်လေး ရိုးရှင်းလွယ်ကူခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ နယူးကာဆယ်မှာလည်း ကျွန်တော်တို့က အသင်းလိုက် ရှေ့တက်တိုက်စစ်ဆင်၊ အပြင်းအထန်ဖိအားပေးပုံစံနဲ့ ကစားခဲ့တာဆိုတော့ အခုလည်း အလားတူကစားဟန်မျိုးနဲ့ ကစားရလို့ပါပဲ"

"ကျွန်တော့်ဘက်က ဂိုးတွေ သွင်းယူပေးနိုင်မယ်လို့ ထင်ပါတယ်။ လောလောဆယ်တော့ ဂိုးသွင်းနိုင်ဖို့အခွင့်အရေးတွေ အများကြီး မရသေးတာပါ"

"ကလပ်အသင်းတိုင်းနဲ့ ကျွန်တော့်ရဲ့ကစားသမားဘဝ အဆင့်တိုင်းမှာ ပုံမှန်ဂိုးသွင်းယူမှုမစတင်မီ အချိန်အနည်းငယ်လိုအပ်လေ့ ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော် ဂိုးတွေ အများကြီး သွင်းယူနိုင်မယ်ဆိုတာကိုတော့ အပြည့်အဝ ယုံကြည်ပါတယ်" လို့ ပြောပါတယ်။

"ဒီအသင်းကို ထာဝရ အမှတ်ရနေစေချင်ပါတယ်" လို့ သူက နိဂုံးချုပ် ပြောကြားခဲ့ပါတယ်။

ဂေါ်ဒွန်က လက်ရှိလက်ရွေးစင်အသင်းရှိ ကစားသမားတိုင်းထက် အရှည်ကြာဆုံး စံချိန်အဖြစ် လေးပွဲဆက်တိုက် နိုင်ငံတကာအဆင့်သွင်းဂိုးစံချိန်ကို ရရှိထားပြီး ဒါက ခြေက်နှစ်နီးပါးတာကာလအတွင်း ဟယ်ရီကိန်းမှလွဲရင် အခြားကစားသမားတွေထက် ပိုမိုကောင်းမွန်တဲ့ စွမ်းဆောင်ရည်ပိုင်း ဖြစ်ပါတယ်။

တဖက်မှာလည်း နည်းပြဟန်စီဖလစ်ခ်လက်အောက် ဘာစီလိုနာက လိဂ်ခုနစ်ပွဲကစားပြီးချိန် ၃၁ ဂိုးသွင်းယူကာ ဂိုးကွာခြားချက် +၂၄ ဖြင့် လာလီဂါအမှတ်ပေးဇယားရဲ့ ထိပ်ဆုံးနေရာမှာ ရပ်တည်နေပြီး လိဂ်ချန်ပီယံဆုကို ကာကွယ်နိုင်မယ့် လမ်းကြောင်းဆီ လျှောက်လှမ်းနေပါတယ်။