The network connection is lost.

Banner Image

အီဆက်ကိုခေါ်ယူဖို့ လက်လျှော့လိုက်တဲ့ ယူနိုက်တက်နဲ့ ချဲလ်ဆီး

မန်ချက်စတာယူနိုက်တက်နဲ့ ချဲလ်ဆီးတို့ဟာ နယူးကာဆယ်တိုက်စစ်ကြယ်ပွင့် အလက်ဇန်းဒါးအီဆက်ကိုခေါ်ယူဖို့ လက်လျှော့လိုက်ပြီလို့ သတင်းတွေထွက်ပေါ်လာခဲ့ပြီး ယခုအခါမှာ‌တော့ လီဗာပူးတစ်သင်းတည်းကသာ အပြောင်းအရွှေ့ဖြစ်ပေါ်လာဖို့ တွန်းအားပေးလုပ်ဆောင်နေတယ်လို့သိရပါတယ်။ 

အီဆက်ဟာ ယခုနွေရာသီအတွင်းမှာပဲ နယူးကာဆယ်ကနေ ထွက်ခွာဖို့စိတ်အားထက်သန်နေသလို အနာဂတ်နဲ့ပတ်သက်ပြီးတော့လည်း ကောလာဟလတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ထားတာဖြစ်ပါတယ်။ အသက်-၂၅ နှစ်အရွယ်ဆွီဒင်လက်ရွေးစင်ကို ဥရောပထိပ်သီးကလပ်တွေသာမက ဆော်ဒီပရိုလိဂ်ကလပ်တွေကပါ အပြိုင်အဆိုင်ချိတ်ဆက်နေကြတာဖြစ်ပါတယ်။ 

နယူးကာဆယ်အနေနဲ့လည်း ကစားသမားကို လက်လွှတ်ရနိုင်ချေမြင်တွေ့ထားရတာကြောင့် အသင်းမှထွက်ခွာခွင့်ပြုဖို့ ပြင်ဆင်ထားပေမယ့် ကစားသမားရဲ့ပြောင်းရွှေ့ကြေးကိုတော့ ကြီးကြီးမားမားအလိုရှိနေတယ်လို့သိရပါတယ်။ သတင်းတွေအရ လီဗာပူးကလည်း အီဆက်ကိုခေါ်ယူဖို့အတွက် ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းမှုပြုလုပ်နိုင်ချေရှိတယ်လို့ဆိုပါတယ်။ 

Daily Mail သတင်းဌာနရဲ့အဆိုရ ချဲလ်ဆီးနဲ့ ယူနိုက်တက်တို့ဟာ အီဆက်ကိုခေါ်ယူဖို့ စိတ်ဝင်စားခြင်းမရှိတော့တာကြောင့် လီဗာပူးအနေနဲ့ ဆော်ဒီပရိုလိဂ်ကလပ်တွေနဲ့သာ အပြောင်းအရွှေ့ကို အပြိုင်လုပ်ဆောင်သွားရဖွယ်ရှိတယ်လို့သိရပါတယ်။ ယခုနွေရာသီအတွင်း ချဲလ်ဆီးဟာ တိုက်စစ်ပိုင်းကို လီယမ်ဒီလပ်၊ ဂျာအိုပက်ဒရိုတို့နဲ့ အင်အားဖြည့်တင်းထားပြီးဖြစ်သလို၊ ယူနိုက်တက်အနေနဲ့ကလည်း အီဆက်ကိုခေါ်ယူဖို့ လုံလောက်တဲ့ ဘဏ္ဍာငွေပမာဏမရှိသလို၊ ကစားသမားကိုဆွဲဆောင်နိုင်မယ့် ဥရောပဝင်ခွင့်လည်းမရှိတာကြောင့် အပြောင်းအရွှေ့ကနေ ဘေးဖယ်ခဲ့တာဖြစ်ပါတယ်။ 

ယခုအခါမှာ ရူဘင်အာမိုရင်ရဲ့အသင်းဟာ အက်စတွန်ဗီလာတိုက်စစ်မှူး အိုလီဝက်ကင်းစ်ကို ပစ်မှတ်ထားစောင့်ကြည့်နေပါတယ်။ လီဗာပူးကတော့ အီဆက်ကိုခေါ်ယူနိုင်ဖို့ တွန်းအားပေးလုပ်ဆောင်သွားတော့မှာဖြစ်ပြီး သတင်းတွေအရ ပေါင်သန်း ၁၂၀ ကျော်နဲ့ ကမ်းလှမ်းမှုစတင်ပြုလုပ်တော့မယ်လို့ သိရပါတယ်။