
The network connection is lost.

လီဗာပူး ဂန္ထဝင်ကစားသမားဟောင်း ဂျေမီကာရေဂါက မန်ချက်စတာယူနိုက်တက် နောက်ခံလူ ဟယ်ရီမက်ဂွါရီအနေနဲ့ ပရိသတ်တွေရဲ့ ဝေဖန်မှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ ဖိအားတွေကို ယုံကြည်ချက်ရှိရှိနဲ့ ကာကွယ်နိုင်သင့်တယ်လို့ တွန်းအားပေးပြောဆိုလိုက်တာ ဖြစ်ပါတယ်။ ဒါ့အပြင် ရာသီကြိုခြေစမ်းပွဲစဉ်အတွင်း အင်တာမီလန်မှ ပေါင် ၄၇ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ အန်ဒရေအိုနာနာရဲ့ အော်ဟစ်ပြောဆိုမှုကိုလည်း အသင်းခေါင်းဆောင်တစ်ယောက်အနေနဲ့ ပြန်လည် တုံ့ပြန်ခဲ့သင့်ကြောင်းပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ကာလမှာ အိုးလ်ထရက်ဖို့ဒ်ရဲ့ အသင်းခေါင်ဆောင်ရာထူးမှ ထုတ်ပယ်ခံခဲ့ရပြီး ယခုနှစ်ပရီးမီးယားလိဂ်ရာသီ တန်ဟက်ရဲ့လက်အောက်မှာ ပုံမှန်ပွဲထွက်ခွင့်ရရှိဖို့ ရုန်းကန်နေရတဲ့ မက်ဂွါရီကို အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်က အသင်းရဲ့လူစာရင်းအတွက် ရွေးချယ်ခဲ့ပြီး ပါဝင်ကစားစေခဲ့သော်လည်း ကံမကောင်းစွာနဲ့ နောက်ခံလူဟာ စကော့တလန်ကို ၁-၃နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ကိုယ့်ဂိုးကိုယ် မတော်တဆသွင်းယူမိခဲ့တာကြောင့် ပရိသတ်တွေရဲ့ အညှာတာကင်းမဲ့စွာလှောင်ပြောင်မှုတွေကို ခံနေရတာဖြစ်ပါတယ်။
သို့သော်အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်ကမူ နောက်ခံလူမက်ဂွါရီအပေါ် ဆိုးဝါးစွာ ဝေဖန်ခဲ့တဲ့ အင်္ဂလန်ပရိသတ်တွေကို ဒေါသတကြီး တုံ့ပြန်ပြောဆိုခဲ့ပြီး ကစားသမားဟာ အသင်းအတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်လို့ အခိုင်အမာပြောကြားခဲ့ပါတယ်။ စကော့တလန်ပရိသတ်တွေရဲ့ နောက်ခံလူအပေါ် လှောင်ပြောင်မှုတွေကို ၎င်းအနေနဲ့ နားလည်ပေးနိုင်သော်လည်း အဆိုပါလှောင်ပြောင်မှုတွေက မိမိတို့ အင်္ဂလန်ပရိသတ်တွေထံမှကူးစက်သွားခဲ့တာကိုတော့ စိတ်ပျက်မိတယ်လို့ ထပ်မံပြောကြားခဲ့တာဖြစ်ပါတယ်။ သို့သော် အဆိုပါသွင်းဂိုးကြောင့် ဆောက်ဂိတ်အနေနဲ့ လာမယ့်နွေရာသီ ဂျာမနီမှာကျင်းပမယ့် ယူရို ၂၀၂၄ ပြိုင်ပွဲမှာ မက်ဂွါရီကို အင်္ဂလန်အသင်းလူစာရင်းအတွက် ထည့်သွင်းနိုင်ဖို့ ဖိအားရှိလာနိုင်ပါတယ်။
လီဗာပူးကစားသမားဟောင်းဂျေမီကာရေဂါကာက မက်ဂွါရီရဲ့ဝေဖန်ခံရမှုတွေနဲ့ ပတ်သက်ပြီး စိတ်မကောင်းဖြစ်မိကြောင်းဝန်ခံခဲ့ပေမယ့် နောက်ခံလူဟာ မန်ချက်စတာယူနိုက်တက်မှာသာမက အခြားဘယ်နေရာမှဖြစ်ဖြစ် မိမိကိုယ်ကို ကာကွယ်သင့်တယ်လို့ တွန်းအားပေးပြောဆိုလိုက်တာဖြစ်ပါတယ်။ ၎င်းက နောက်ခံလူဟာပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း မကြာခဏဆိုသလို ယူနိုက်တက်နဲ့ အင်္ဂလန်အသင်းတို့အတွက် ထိုးကျွေးခံခဲ့ရကြောင်းနဲ့ အိုနာနာရဲ့ အော်ဟစ်ပြောဆိုခဲ့မှုက ၎င်းအပေါ်ပရိသတ်တွေရဲ့ အထင်အမြင်သေးမှုကို ဖြစ်ပေါ်စေခဲ့တယ်လို့ ထောက်ပြပြောဆိုခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရာသီကြိုကာလအတွင်း ဒေါ့မွန်ကို ၃-၂ နဲ့ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ အိုနာနာဟာ ပွဲကစားနေစဉ်မှာပဲ မက်ဂွါရီအပေါ်စိတ်ပျက်မှုကို သိသိသာသာပြသတဲ့အနေနဲ့ အော်ဟစ်ပြောဆိုခဲ့ဖူးပါတယ်။
တယ်လီဂရပ်မှတစ်ဆင့် ကာရေဂါက “မန်ချက်စတာယူနိုက်တက် ပရိသတ်များက ၂၀၂၂-၂၃ ရာသီကြို ခြေစမ်းပွဲစဉ်တွေမှာကတည်းက မက်ဂွါရီကို လှောင်ပြောင်ခဲ့ကြတာပါ။ အထူးသဖြင့် ဇူလိုင်လက ဒေါ့မွန်နဲ့ ကစားခဲ့တဲ့ ပွဲမှာ ဂိုးသမားသစ် အိုနာနာရဲ့ သူ့အပေါ် ဒေါသတကြီးအော်ဟစ်ခဲ့တဲ့ လုပ်ရပ်က စိတ်ပျက်စရာအကောင်းဆုံး အဖြစ်အပျက်တွေထဲက တစ်ခုဖြစ်ခဲ့ပါတယ်။ အဲဒီအဖြစ်အပျက်ကို ကျွန်တော်လည်း မယုံကြည်နိုင်လောက်အောင် အံ့ဩတကြီးမြင်တွေ့ခဲ့ရပါတယ်။ ဒါပေမယ့်အဲဒီအချိန်ကတည်းက တစ်ခုခုမှားယွင်းနေပြီဆိုတာ သိခဲ့ပါတယ်။ အဲဒီတုန်းက မက်ဂွါရီက အသင်းခေါင်းဆောင်အဖြစ်ရှိနေတုန်းပါ။ သူ့အနေနဲ့ အိုနာနာရဲ့ အပြုအမူကို ဒေါသတကြီးတုန့်ပြန်ပြီး သူ့အပေါ် လေးစားမှုရှိဖို့တောင်းဆိုသင့်ပါတယ်။ ဒါပေမယ့် အဲ့လိုလုပ်မယ့်အစား သူက ယုံကြည်မှုနဲ့ အခွင့်အာဏာလုံးဝပျက်ပြားနေတဲ့ လူတစ်ယောက်လိုဖြစ်နေခဲ့ပါတယ်”လို့ ပြေကြားခဲ့ပါတယ်။
ဆက်လက်ပြီးကာရေဂါက မက်ဂွါရီရဲ့ ယူနိုက်တက်အသင်းခေါင်းဆောင်အဖြစ်မှ ကျရှုံးခဲ့ခြင်းဟာ ၂၀၂၁ ခုနှစ်မှာ အိုးလ်ထရက်ဖို့ဒ်သို့ ခရစ္စတီယာနိုရော်နယ်ဒို ရောက်ရှိလာမှုမှ စတင်ခဲ့ကြောင်း သုံးသပ်ပြောဆိုခဲ့ပါတယ်။ ၎င်းက “ရော်နယ်ဒိုပြန်ရောက်လာတဲ့အခါ ယူနိုက်တက်ရဲ့အဝတ်လဲခန်းထဲမှာ မက်ဂွါရီရဲ့ ဩဇာအာဏာက အရှိန်အဟုန်နဲ့ ကျဆင်းသွားခဲ့တာကြောင့် အခုလိုအခြေအနေထိဖြစ်လာခဲ့တာပါ” လို့ပြောကြားခဲ့ပါတယ်။
ယူနိုက်တက်ဟာ မက်ဂွါရီကို လက်စတာအသင်းမှ ပေါင်သန်း ၈၀ နဲ့ ၂၀၁၉ ခုနှစ်က ဝယ်ယူခဲ့သော်လည်း ယခုလက်ရှိတန်ဟက်ရဲ့ လက်အောက်မှာတော့ အင်္ဂလန် လက်ရွေးစင်ဟာ လီဆန်ဒရိုမာတီနက်ဇ်၊ ရာဖေးလ်ဗာရာနီနဲ့ ဗစ်တာလင်ဒီလော့ဖ်တို့လောက် ပွဲထွက်ခွင့် မရရှိထားပါဘူး။ နွေရာသီ ပြောင်းအရွှေ့ကာလမှာ နောက်ခံလူဟာ ဝက်စ်ဟမ်းအသင်းသို့ ပြောင်းရွှေ့ရန် ချိတ်ဆက်ခဲ့သော်လည်း သဘောတူညီမှုပျက်ပြယ်ခဲ့ပါတယ်။
မက်ဂွါရီအနေနဲ့ အပြောင်းအရွှေ့ကာလမှာ အိုးလ်ထရက်ဖို့ဒ်မှ ဝက်စ်ဟမ်းသို့ ပြောင်းရွှေ့နိုင်ခဲ့ပါက လေးစားမှုတွေကိုပြန်လည် ရရှိနိုင်ကြောင်းကို ဂန္ထဝင်နောက်ခံလူ ကာရေဂါက “နွေရာသီမှာ ဝက်စ်ဟမ်းကို ပြောင်းရွှေ့ဖို့ ပျက်ပြယ်ခဲ့ရတာက သူ့အတွက် လေးစားမှုတွေပြန်လည်တည်ဆောက်နိုင်ဖို့ အခွင့်အရေးနဲ့ လွဲချော်ခဲ့ရတာပါပဲ။ ဒေးဗစ်မိုယက်စ်က မက်ဂွါရီရဲ့အရည်အချင်းကို အကောင်းဆုံး အသုံးချနိုင်မယ့် နည်းပြမျိုးဖြစ်တာကြောင့် သူ့အနေနဲ့ အဲဒီမှာဆိုရင် အောင်မြင်နိုင်မယ်ဆိုတာ သေချာပါတယ်”လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။