မိုက်ကယ်ကာရစ်အတွက် စိတ်မကောင်းမဖြစ်မိပါဘူးလို့ ဆိုလိုက်တဲ့ ကာရေဂါ
အခုသီတင်းပတ်အတွင်း မိုက်ကယ်ကာရစ်ကို ရာထူးမှထုတ်ပယ်လိုက်တဲ့ မန်ချက်စတာယူနိုက်တက်ရဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ ကာရေဂါက သုံးသပ်ပြောဆိုလိုက်ပါတယ်။
နည်းပြဟောင်းအာမိုရင်ရဲ့လက်အောက် ဆိုးရွားတဲ့အစပြုမှုတွေ ရှိခဲ့ပေမဲ့ ကာရစ်က ဇန်နဝါရီလမှာ ယာယီနည်းပြအဖြစ် စတင်တာဝန်ယူခဲ့ပြီး ယမန်နှစ်ဘောလုံးရာသီ၊ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အသင်းအတွက် ချန်ပီယံလိဂ်ဝင်ခွင့် ပြန်လည်ရယူပေးခဲ့လို့ နှစ်နှစ်သက်တမ်းရှိအမြဲတမ်းစာချုပ်ကို ရရှိခဲ့ပါတယ်။
လတ်တလောမှာ သူ့ရဲ့နေရာအစားထိုးဖို့ ယူနိုက်တက်က ပိုချက်တီနိုကို ခေါ်ယူမယ့် သဘောတူညီချက် အသက်ဝင်လာစေရေး အပြီးသတ်ဆောင်ရွက်နေပြီး ဒီအပြောင်းအရွှေ့မှာ ယူနိုက်တက်က ပေါင် ၇ သန်းဝန်းကျင် ကုန်ကျနိုင်ပါတယ်။
ကာရစ်ကတော့ ယူနိုက်တက်နည်းပြအဖြစ် ၁၀ လကြာ တာဝန်ယူခဲ့ပါတယ်။ ဒါ့အပြင် တဖက်မှာလည်း ကလပ်အသင်းက ၂၀၁၃ ခုနှစ်၊ ဆာအဲလက်စ်ဖာဂူဆန် ထွက်ခွာသွားပြီးနောက်ပိုင်း နည်းပြတွေ တစ်ဦးပြီးတစ်ဦး ပြောင်းလဲနေရတဲ့ သံသရာမှာ ဆက်လက်ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။
ယူနိုက်တက်က အခုဘောလုံးရာသီ၊ ပရီးမီးယားလိဂ် ၁၀ ပွဲကစားပြီးချိန် ရမှတ် ၈ မှတ်နဲ့အတူ တန်းဆင်းဇုန်အတွင်း ကျရောက်နေသလို ပြိုင်ပွဲစုံ ၁၅ ပွဲမှာလည်း ၃ ပွဲသာ အနိုင်ရရှိထားပါတယ်။
အခုလိုအခြေအနေတွေ ရှိနေပေမဲ့လည်း ကမ္ဘာ့အကြီးကျယ်ဆုံးကလပ်အသင်းတွေအနက် တစ်ခုမှာ အတွေ့အကြုံရယူပြီးနောက် တခြားနေရာတစ်ခုခုဆီ သွားရောက်ပြီး အခွင့်အရေးသစ်တွေ ရှာဖွေနိုင်ဖို့ရှိနေလို့ သူတာဝန်ယူခဲ့တဲ့ အချိန်ကာလအတွက် မိုက်ကယ်ကာရစ် ဂုဏ်ယူနိုင်ပြီလို့ ကာရေဂါက ပြောပါတယ်။
Stick to Football အစီအစဉ်မှာ ကာရေဂါက "ကျောထောက်နောက်ခံဘာမှမရှိတဲ့ အခြေအနေနဲ့ ဒီရာထူးကို ကာရစ် ရရှိခဲ့ပါတယ်။ အခြေခံအားဖြင့် ယူနိုက်တက်မှာ ကစားခဲ့ဖူးသူဆိုတဲ့ အချက်တစ်ခုတည်းနဲ့ ဒီအလုပ်ကို သူ ရရှိခဲ့ပြီး သူလည်း တကယ်ကို အကောင်းဆုံးစွမ်းဆောင်ပြနိုင်ခဲ့ပါတယ်" လို့ ပြောပါတယ်။
"ဒါကြောင့် မိုက်ကယ်ကာရစ်အတွက် စိတ်မကောင်းဖြစ်ရမယ်ဆိုတဲ့ အယူအဆ ရှိလာတာပေါ့။ ပြီးခဲ့တဲ့ ၁၈ လအတွင်း သူ့အတွက် ဘာတွေဖြစ်ပျက်ခဲ့သလဲဆိုတာကို ပြန်ကြည့်မယ်ဆိုရင် အခုလောလောဆယ် သူ့အတွက် နာကျင်စရာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အသင်းကို ချန်ပီယံလိဂ်ဝင်ခွင့်ရရှိအောင် လုပ်ဆောင်ပေးခဲ့တာတွေ၊ အသင်းကြီးတွေချင်း ရင်ဆိုင်ရတဲ့ အာဆင်နယ်၊ လီဗာပူးတို့နဲ့ ပွဲစဉ်တွေမှာ သူအနိုင်ရရှိခဲ့တာတွေ အားလုံးကို ကြည့်မယ်ဆိုရင် သူ အထူးချွန်ဆုံး လုပ်ပြနိုင်ခဲ့ပါတယ်"
"ဒါပေမဲ့ ကျွန်တော်ကတော့ ဒီမှာထိုင်ပြီး မိုက်ကယ်ကာရစ်အတွက် စိတ်မကောင်း မဖြစ်မိပါဘူး။ သူက မန်ချက်စတာယူနိုက်တက်ရဲ့နည်းပြရာထူး ရရှိဖို့အတွက် ကမ္ဘာအနှံ့မှာ ဆယ်စုနှစ်တစ်ခုလောက် ကြိုးစားနေခဲ့ရတဲ့ နည်းပြမျိုးလည်း မဟုတ်ပါဘူး။ မစ်ဒယ်ဘရော့မှာ နှစ်နှစ်လောက် တာဝန်ယူခဲ့တယ်၊ ဘောလုံးသုံးသပ်သူအဖြစ် အချိန်အနည်းငယ်လောက် လုပ်ခဲ့တယ်။ အဲ့ဒီနောက် မန်ချက်စတာယူနိုက်တက်နည်းပြ ဖြစ်လာပါတယ်။ ယူနိုက်တက်က ကာရစ်အတွက် အခွင့်အရေးပေးခဲ့တာပါ"
"မိုက်ကယ်ကာရစ်အတွက် ကျွန်တော် စိတ်မကောင်းမဖြစ်ပါဘူး။ အခြေခံအားဖြင့် ဘာမှ အများကြီးမလုပ်ခဲ့ရဘဲနဲ့ ကမ္ဘာ့အကြီးကျယ်ဆုံးကလပ်အသင်းတွေအနက် တစ်ခုကို သူ ကိုင်တွယ်ခွင့် ရရှိခဲ့ပါတယ်။ သူလည်း အသင်းကို ချန်ပီယံလိဂ်ဝင်ခွင့်ရရှိအောင် လုပ်ပေးခဲ့လို့ တကယ်ကို ကောင်းကောင်းစွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ သူ့မှာ ပရီးမီးယာလိဂ်နည်းပြတွေရဲ့အဆင့်အတန်းမျိုး ဘယ်တုန်းကမှ မရှိခဲ့ပါဘူး။ ပရီးမီးယားလိဂ်ရဲ့နည်းပြတွေဆိုတာ ကမ္ဘာ့အကောင်းဆုံးတွေဖြစ်ပြီး သူကတော့ အဲ့ဒီအဆင့်ဆီ မရောက်သေးပါဘူး" လို့ ဆိုပါတယ်။
အခုဘောလုံးရာသီသစ်၊ ပြိုလဲကျသွားမှုမတိုင်ခင် ကာရစ်က ဖာဂူဆန်ခေတ်လွန် နိုင်ပွဲရရှိမှုအမြင့်မားဆုံး ယူနိုက်တက်နည်းပြ ဖြစ်ခဲ့ပါတယ်။ ဒီနေ့မှာပဲ ဆာဂီကို ထုတ်ပယ်ခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ် အပါအဝင် ကလပ်အသင်း အများစုက ကာရစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါပြီ။