
ဆိုးလ်ကမ်းဘဲလ်က သူ့ကိုဟန်ဆောင်လှဲချတယ်ဆိုပြီး ၆ လလောက်အထိစကားမပြောခဲ့ကြောင်း ဖွင့်ဟလာတဲ့ ရွန်းနီ
မန်ချက်စတာယူနိုက်တက်ဂန္ထဝင်တိုက်စ်မှူးဟောင်း ဝိန်းရွန်းနီက သူ့ရဲ့အင်္ဂလန်အသင်းဖော်ဟောင်း အာဆင်နယ်ဂန္ထဝင် ဆိုးလ်ကမ်းဘဲလ်ဟာ သူ့ကို ဟန်ဆောင်လှဲချခဲ့တယ်လို့ ယူဆခဲ့တာကြောင့် ၆ လလောက်အထိ စကားမပြောဘဲနေခဲ့ကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။
၂၀၀၄-၀၅ ဘောလုံးရာသီမှာ အာစင်ဝင်းဂါးဦးဆောင်တဲ့ အာဆင်နယ်ဟာ ၄၉ ပွဲဆက်တိုက်ရှုံးပွဲမရှိစံချိန်ကို ထိန်းသိမ်းထားနိုင်ခဲ့ပြီး ပွဲ ၅၀ မြောက်မှာတော့ ယူနိုက်တက်ကို အိုးလ်ထရက်ဖို့ဒ်မှာ လာရောက်ယှဉ်ပြိုင်ခဲ့ရပါတယ်။ အာဆင်နယ်အနေနဲ့ ပွဲ ၅၀ ဆက်တိုက်ရှုံးပွဲမရှိစံချိန်ကို ဆက်လက်ထိန်းသိမ်းဖို့ မျှော်လင့်ခဲ့ပေမယ့် ဆာအဲလက်စ်ဖာဂူဆန်ဦးဆောင်တဲ့ ယူနိုက်တက်ကို အိုးလ်ထရက်ဖို့ဒ်မှာ ၂-၀ နဲ့အရေးနိမ့်ခဲ့တာကြောင့် ရှုံးပွဲမရှိစံချိန်ဟာ ၄၉ ပွဲနဲ့သာရပ်တန့်ခဲ့ရတာဖြစ်ပါတယ်။
အဆိုပါပွဲစဉ်မှာ အဲဗာတန်မှ ယူနိုက်တက်သို့ အဲဒီနွေရာသီမှာပဲပြောင်းရွှေ့လာခဲ့တဲ့ ဝိန်းရွန်းနီဟာ အာဆင်နယ်ဗဟိုခံစစ်မှူး ဆိုးလ်ကမ်းဘဲလ်နဲ့ ထိပ်တိုက်တွေ့ဆုံခဲ့ပါတယ်။ ပွဲအတွင်း ဆိုးလ်ကမ်းဘဲလ်ရဲ့ ပြစ်ဒဏ်ကျူးလွန်မှုကြောင့် ရွန်းနီတစ်ယောက် ပင်နယ်တီဧရိယာထဲ လဲကျခဲ့ပြီး အဆိုပါပင်နယ်တီကို နစ္စတယ်ရွိုင်းကသွင်းယူခဲ့တာကြောင့် ယူနိုက်တက်တို့ အာဆင်နယ်ကို ၁-၀ နဲ့ဦးဆောင်နိုင်ခဲ့ပါတယ်။ ပွဲပြီးကာနီးအချိန်ပိုမှာတော့ ယူနိုက်တက်အတွက်အနိုင်သေချာစေမယ့်ဂိုးကို ရွန်းနီကပဲ သွင်းယူပေးခဲ့ပြီး အာဆင်နယ်ရဲ့ရှုံးပွဲမရှိစံချိန်ကို ရိုက်ချိုးပစ်ခဲ့တာဖြစ်ပါတယ်။
အဆိုပါပွဲစဉ်ဟာ ထိုစဉ်က အတော်လေးဂယက်ရိုက်ခဲ့တဲ့ပွဲစဉ်တစ်ပွဲဖြစ်ပြီး ပွဲအပြီးမှာ အာဆင်နယ်လူငယ်ကွင်းလယ်လူ ဖာဘရီဂတ်စ်ဟာ ဖာဂူဆန်ကို ပီဇာနဲ့ပစ်ပေါက်ခဲ့တာကြောင့် နှစ်ဖက်အသင်းကစားသမားတွေအကြား ခိုက်ရန်ဖြစ်ပွားခဲ့ကြပါသေးတယ်။
ယခုအခါမှာ ရွန်းနီက "အဲဒီပွဲက အာဆင်နယ်အတွက် အရေးကြီးတဲ့ပွဲပါ။ တကယ်လို့ သူတို့ဒီပွဲမှာမရှုံးခဲ့ရင် ပွဲ ၅၀ ဆက်တိုက်ရှုံးပွဲမရှိစံချိန်ကို ရတော့မှာပါ။ ဒါပေမယ့် ကျွန်တော်တို့က ၂-၀ နဲ့အနိုင်ရခဲ့ပြီး သူတို့စံချိန်ကို ချိုးဖျက်ခဲ့ပါတယ်။ အဲဒီပွဲအပြီးနောက်ပိုင်း ၆ လလောက်အထိ ဆိုးလ်ကမ်းဘဲလ်က ကျွန်တော့်ကို စကားမပြောခဲ့ပါဘူး။ ကျွန်တော်တို့ လက်ရွေးစင်အသင်းမှာ အတူတူနေကြတုန်းကလည်း စကားမပြောပါဘူး။ ကျွန်တော်ကသူ့ကို "ခင်ဗျားကလည်း ကျွန်တော်တို့က အင်္ဂလန်အတွက် အတူတူကစားနေကြတာလေ"လို့ပြောတော့လည်း သူက ပြန်မပြောခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က အဲဒီပွဲမှာ ဟန်ဆောင်လှဲချခဲ့တယ်လို့ သူထင်နေလို့ပါ။ ကျွန်တော်ကတော့ အဲဒီတုန်းက သူ့ခြေထောက်နဲ့ ကျွန်တော့်ကိုထိခဲ့လို့ ကျွန်တော်လဲကျခဲ့တယ်လို့ပဲထင်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။
၁၉၉၇ နဲ့ ၂၀၀၅ ခုနှစ်အကြား အာဆင်နယ်နဲ့ ယူနိုက်တက်တို့ ထိပ်တိုက်တွေ့ဆုံမှုတွေမှာ စုစုပေါင်းအနီကတ် ၇ ကတ်အထိ နှစ်ဘက်အသင်းကစားသမားတွေ ပြသခံခဲ့ကြရပြီး တွေ့ဆုံလိုက်တိုင်း ပြိုင်ဆိုင်မှုအတော်လေး ပြင်းထန်ခဲ့ကြပါတယ်။ ၂၀၀၃-၀၄ ခုနှစ်ဘောလုံးရာသီမှာလည်း နစ္စတယ်ရွိုင်းရဲ့ ဟန်ဆောင်မှုကြောင့် အာဆင်နယ်အသင်းခေါင်းဆောင် ပက်ထရစ်ဗီအဲရာတစ်ယောက် ၂ ဝါ ၁ နီနဲ့ထုတ်ပယ်ခံခဲ့ရဖူးပါတယ်။
ဒါ့အပြင် ၂၀၀၄-၀၅ ဘောလုံးရာသီမှာ ရွိုင်ကိန်းနဲ့ ဗီအဲရာတို့ ဥမင်လှိုဏ်ခေါင်းအတွင်း အချင်းများခဲ့တာကြောင့် ကွင်းလယ်ဒိုင် ဂရေဟမ်ပိုးလ်က ဝင်ရောက်ဖြန်ဖြေခဲ့ရပါတယ်။ အဆိုပါအဖြစ်အပျက်နဲ့ပတ်သက်ပြီး ရွန်းနီက "ကျွန်တော်ယူနိုက်တက်ကို စရောက်ကတည်းက အာဆင်နယ်က အသင်းရဲ့အကြီးမားဆုံးပြိုင်ဘက်ဆိုတာ သိခဲ့ရပါတယ်။ သူတို့နဲ့ကစားရတာ ကျွန်တော်ကြိုက်ပါတယ်။ ဒါပေမယ့် အခုချိန်မှာတော့ ဒီနှစ်သင်းရဲ့အားပြိုင်မှုက အတော်လေးအင်အားနည်းနေပါပြီ"
"ကျွန်တော်ပထမဆုံးအာဆင်နယ်နဲ့ကစားခဲ့ရတဲ့အချိန်က ရွိုင်ကိန်းနဲ့ ဗီအဲရာတို့ ဥမင်လှိုဏ်ခေါင်းထဲမှာ ပြဿနာဖြစ်တဲ့ပွဲပါ။ ပွဲကလည်း အရမ်းအရေးကြီးတဲ့အချိန်ရောက်နေတော့ တစ်ယောက်နဲ့တစ်ယောက် ဆတ်ဆတ်ထိမခံဖြစ်နေခဲ့ကြပါတယ်။ ပြီးတော့ ဖာဘရီဂတ်စ်က ဖာဂူဆန်ကို ပီဇာနဲ့လှမ်းပစ်ပါသေးတယ်။ အဲဒီမှာ နှစ်သင်းစလုံးက ကစားသမားတွေ အချင်းများခဲ့ပြီး လူတိုင်းရန်ပွဲထဲမှာ ပါဝင်ခဲ့ကြပါတယ်" လို့ပြောကြားခဲ့ပါတယ်။