မန်ချက်စတာယူနိုက်တက်နည်းပြရာထူးနဲ့ပတ်သက်လို့ သတင်းထွက်ပေါ်နေမှုကို ဖာဘရီဂတ်စ် ပယ်ချ
ကိုမိုနည်းပြဖာဘရီဂတ်စ်က မန်ချက်စတာယူနိုက်တက်မှာ မိုက်ကယ်ကာရစ်တာဝန်ယူနေတဲ့ နည်းပြရာထူးနဲ့ သူ့အကြား ချိတ်ဆက်ထွက်ပေါ်နေတဲ့ ထင်ကြေးပေးမှုတွေကို ပယ်ချခဲ့ပြီး ဒါ လေးစားမှုမရှိတဲ့ လုပ်ရပ်ပဲလို့ ပြောကြားလိုက်ပါတယ်။
ဒီည၊ သရဲနီတွေနဲ့ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ်ပွဲစဉ်မတိုင်ခင် စပိန်လူမျိုးနည်းပြက ပရီးမီးယားလိဂ်ပြိုင်ဘက်ဟောင်းနေရာမှာ အစားထိုးဝင်ရောက်မယ့်ကိစ္စနဲ့ပတ်သက်လို့ ဆွေးနွေးပြောဆိုဖို့ ငြင်းဆန်လိုက်ပါတယ်။
ကာရစ်ရဲ့အသင်းက နောက်ဆုံးခြောက်ပွဲဆက် နိုင်ပွဲပျောက်ဆုံးမှုနဲ့အတူ ရာသီအစ ၁၀ ပွဲမှာ ၂ ပွဲသာ အနိုင်ရရှိပြီး ဖိအားတွေအောက် ကျရောက်နေပါတယ်။
ဒါပေမဲ့ ဖာဘရီဂတ်စ်က ယူနိုက်တက်နည်းပြကို ကာကွယ်ပြောဆိုခဲ့သလို သူ့ရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို ချီးကျူးခဲ့ပြီး သူကိုယ်တိုင်လေးစားရတဲ့သူတစ်ဦး တာဝန်ယူထားဆဲဖြစ်တဲ့ ရာထူးတစ်ခုအကြောင်း ပြောဆိုတယ်ဆိုတာ မသင့်လျော်တဲ့ကိစ္စပဲလို့ အခိုင်အမာ ပြောဆိုခဲ့ပါတယ်။
မီဒီယာတွေနဲ့တွေ့ဆုံချိန် အာဆင်နယ်ဂန္တဝင်က "ဒါ သိပ်ကောင်းတဲ့ မေးခွန်းတစ်ခုလို့ ကျွန်တော်မယူဆတာကြောင့် ဒီမေးခွန်းကို ကျွန်တော်မဖြေချင်ပါဘူး" လို့ ပြောပါတယ်။
"အံ့သြဖွယ်ကောင်းတဲ့ မန်ချက်စတာယူနိုက်တက်လို အသင်းကြီးကို ဦးဆောင်နေတဲ့ မိုက်ကယ်ကာရစ်လို ထူးချွန်တဲ့ ဘောလုံးသမားဟောင်းနဲ့ နည်းပြတစ်ဦးအပေါ် လုံလောက်တဲ့ လေးစားမှုမျိုး မပြသရာရောက်တယ်လို့လည်း ကျွန်တော် ယူဆမိပါတယ်" လို့ ဆက်လက်ပြောကြားခဲ့ပါတယ်။