The network connection is lost.

Banner Image

နာပိုလီနဲ့အတူ စီးရီးအေဖလားဆွတ်ခူးနိုင်ခဲ့ခြင်းက ကစားသမားဘဝရဲ့ အကောင်းဆုံးအခိုက်အတန့်ဖြစ်တယ်လို့ ဖွင့်ဟလာတဲ့ တိုမီနေး

နာပိုလီကွင်းလယ်ကြယ်ပွင့် စကော့မက်တိုမီနေးဟာ ယခင်မန်ချက်စတာယူနိုက်တက်နဲ့အတူ ဆုဖလားတွေဆွတ်ခူးခဲ့ဖူးပေမယ့် နာပိုလီနဲ့အတူ စီးရီးအေဖလားဆွတ်ခူးခဲ့ခြင်းက သူ့ကစားသမားဘဝရဲ့ အကောင်းဆုံးအခိုက်အတန့်ဖြစ်တယ်လို့ ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ 

စကော့တလန်လက်ရွေးစင်ဟာ ပြီးခဲ့တဲ့ရာသီကမှ အိုးလ်ထရက်ဖို့ဒ်မှ နာပိုလီသို့စတင်ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ပွဲဦးထွက်ရာသီမှာတင် စီးရီးအေအမှတ်ပေးဖလားကို ဆွတ်ခူးနိုင်ခဲ့တာြဖစ်ပါတယ်။ တိုမီနေးဟာ ယခင်ကလည်း ငယ်ဘဝကလပ် ယူနိုက်တက်နဲ့အတူ အက်ဖ်အေဖလားနဲ့ ကာရာဘောင်ဖလားတို့ကို ဆွတ်ခူးရရှိခဲ့သူဖြစ်ပါတယ်။ ယူနိုက်တက်အနေနဲ့ အသင်းရဲ့အဖိုးတန်ကွင်းလယ်လူကို အိုးလ်ထရက်ဖို့ဒ်မှာ ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ခြင်းမရှိဘဲ ပေါင် ၂၅.၇ သန်းနဲ့ပဲ ရောင်းထုတ်ခဲ့ရတာဖြစ်ပါတယ်။ 

အသက်-၂၈ နှစ်အရွယ်ကစားသမားဟာ နာပိုလီသို့စတင်ရောက်ရှိခဲ့တဲ့ ပွဲဦးထွက်ရာသီမှာပဲ စီးရီးအေသွင်းဂိုး ၁၃ ဂိုးအထိ သွင်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ယခုအခါမှာ တိုမီနေးက “နည်းပြအန်တိုနီယိုကွန်တီနဲ့ အသင်းဖော်တွေရဲ့ကူညီမှုကြောင့် ကျွန်တော်ဒီအသင်းမှာကစားရတာ အတော်လေးအခက်အခဲနည်းခဲ့ပါတယ်။ ကျွန်တော်ဒီကိုစရောက်ကတည်းက အသင်းအတွက် လွယ်လွယ်ကူကူပဲစတင်ကစားနိုင်ခဲ့ပါတယ်”

“စီးရီးအေဖလားရခဲ့တာ ကျွန်တော့်ကစားသမားဘဝရဲ့ အကောင်းဆုံးအခိုက်အတန့်ပါပဲ။ ဒီထက်ပိုကောင်းတဲ့အရသာမျိုးကို အိပ်မက်တောင်မမက်နိုင်ပါဘူး။ ပြီးခဲ့တဲ့ ၄ လလောက်က ကျွန်တော်အင်တာဗျူးတစ်ခုဖြေခဲ့ရပြီး အဲဒီတုန်းက အသင်းအတွက် အမှတ်ပေးဖလားဆွတ်ခူးပေးချင်ကြောင်း ပြောခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ကျွန်တော်တို့အလုပ်ကြိုးစားပြီး အောင်မြင်မှုရခဲ့ပါတယ်။ အခုချိန်မှာတော့ ကျွန်တော်တို့ ရာသီသစ်အတွက် အာရုံစိုက်သွားရတော့မှာပါ။ ဒီရာသီမှာလည်း ကစားရမယ့်ပွဲတွေအများကြီးရှိလို့ အသင်းကောင်းတစ်သင်းကို ဆက်လက်တည်ဆောက်သွားနိုင်ဖို့ မျှော်လင့်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။ 

နာပိုလီရဲ့ အမိုးဖွင့်ကားနဲ့အတူ မြို့အတွင်းလှည့်လည်အောင်ပွဲခံမှုနဲ့ပတ်သက်ပြီးတော့လည်း စကော့တလန်သားက “ဒါက ကျွန်တော်မျှော်လင့်ထားတာထက် အများကြီးပိုပြီး ပျော်စရာကောင်းခဲ့ပါတယ်။ ပရိသတ်တွေက မယုံနိုင်စရာကောင်းလောက်အောင် အားပေးခဲ့ကြပါတယ်။ အောင်ပွဲခံပြီး အိမ်ပြန်ရောက်တဲ့အချိန်မှာတောင် ကျွန်တော်အရမ်းပျော်နေတုန်းပါ” လို့ပြောကြားခဲ့ပါတယ်။ လာမယ့်ရာသီမှာတော့ နာပိုလီဟာ ချန်ပီယံလိဂ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သွားရမှာဖြစ်လို့ တိုမီနေးအနေနဲ့ အသင်းအတွက် ဘယ်လောက်အထိ ဆက်လက်အကူအညီတွေပေးသွားနိုင်မလဲ စောင့်ကြည့်ရပါမယ်။