အင်္ဂလန်ဘောလုံးလောကဆီပြန်သွားဖို့ မျှော်လင့်ထားတဲ့ နာပိုလီကွင်းလယ်လူ မက်တိုမီနေး
နာပိုလီကွင်းလယ်လူမက်တိုမီနေးက ယခုနွေရာသီကာလမှာ အင်္ဂလန်မြေဆီပြန်သွားရန် စဉ်းစားနေပါတယ်။
နာပိုလီအသင်းနဲ့အတူ အီတလီမှာ အောင်မြင်မှုများစွာ ရရှိနေပေမယ့် မက်တိုမီနေးက အိမ်ပြန်နိုင်ဖို့အတွက် အခွင့်အရေးရရှိလာဖို့ မျှော်လင့်နေတယ်လို့ TMW သတင်းဌာနမှ သတင်းဖော်ပြခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူဟောင်းနှင့် သူ့ရဲ့ချစ်သူကမ်ရီဒင်းတို့က အိမ်ပြန်ဖို့အတွက် စဉ်းစားနေကြပြီး စကော့တလန်လက်ရွေးစင်ကစားသမားကိုယ်တိုင်လည်း "မကြာခင် သို့မဟုတ် တစ်ချိန်ချိန်မှာ" အင်္ဂလန်ဘောလုံးလောကသို့ ပြန်လာဖို့ လိုလားနေပါတယ်။
တစ်ဖက်မှာလည်း နာပိုလီက လာမည့်အပြောင်းအရွှေ့ကာလအတွင်း မက်တိုမီနေးနဲ့ပတ်သက်လို့ စိတ်ဝင်စားမှုတွေ မြင့်တက်လာနိုင်တယ်ဆိုတာကို သတိပြုမိနေပါတယ်။ပြီးခဲ့သည့်အပတ်၊ talkSPORT နဲ့တွေ့ဆုံချိန်၊ နာပိုလီအသင်းရဲ့ကမ္ဘာလုံးဆိုင်ရာစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအရာရှိလီယိုနာဒိုဂီယမ်မာရီယိုလီက "ဟုတ်ပါတယ်၊ ကျွန်တော် စိုးရိမ်တာပေါ့။ ဒါပေမဲ့ တကယ်တမ်းကျတော့ တိုမီနေးဆိုတာ လူကောင်းသူကောင်းတစ်ဦးပါ။ လာမယ့်နှစ်အနည်းငယ်အတွင်း နောက်ထပ်အဆင့်တစ်ခုဆီ သူတက်လှမ်းနိုင်မယ်ဆိုရင် ကျွန်တော်တို့ ဝမ်းသာမိပါလိမ့်မယ်။ အခုချက်ချင်း ဒါမှမဟုတ် နောက်နှစ်အနည်းငယ်အတွင်းမဟုတ်ရင်တောင် သူက ဒီလိုနောက်တစ်ဆင့်တက်လှမ်းနိုင်မှုနဲ့ ထိုက်တန်လွန်းပါတယ်" လို့ ပြောပါတယ်။
"အဲဒီလိုကမ်းလှမ်းမှုမျိုးရောက်လာတဲ့အခါ ကစားသမားကိုယ်တိုင်ထွက်ခွာချင်နေပြီး ငွေကြေးလည်း အရေးပါနေတယ်ဆိုရင် ကျွန်တော်တို့ ဘာမှလုပ်လို့မရပါဘူး။ အီတလီကလပ်အသင်းတွေအတွက်တော့ ခက်ခဲလွန်းပါတယ်။ လိဂ်မှာလည်း ဝင်ငွေတွေ ဆက်တိုက်လျော့နည်းနေတာလေ"လို့ ၎င်းက ဆက်လက်ပြောကြားခဲ့ပါတယ်။
မက်တိုမီနေးက နာပိုလီအသင်းနဲ့ ၂၀၂၈ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေပါတယ်။