
ယူနိုက်တက်စတားကို အပြီးသတ်ခေါ်ယူဖို့များနေတဲ့ ဘာစီလိုနာ
သတင်းတွေအရ ဘာစီလိုနာအသင်းဟာ ယူနိုက်တက်ထံကနေအငှားခေါ်ယူထားတဲ့ ရက်ရှ်ဖို့ဒ်ကို လာမယ့်နွေမှာ အပြီးသတ်ခေါ်ယူဖွယ်ရှိနေတယ်လို့ သိရပါတယ်။ အင်္ဂလန်သားဟာ ဘာစီလိုနာအသင်းနဲ့အတူ ခြေစွမ်းကောင်းတွေပြသနေပြီး ကနဦးအငှားအဖြစ်သာ စပိန်မြေကိုပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။
အသက် ၂၇ နှစ်သားကတော့ ဘာစီလိုနာနဲ့အတူ ခြေစွမ်းပြနေပြီး နယူးကာဆယ်ကို အနိုင်ရခဲ့တဲ့ချန်ပီယံလိဂ်ပွဲမှာလည်း ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ The Sun သတင်းဌာနရဲ့အဆိုအရ ဘာစီလိုနာဟာ လာမယ့်နွေမှာ ယူနိုက်တက်စတားကို ပေါင်သန်း ၃၀ နဲ့ အပြီးသတ်ခေါ်ယူဖို့များနေတယ်လို့ ဆိုပါတယ်။ စာချုပ်ဖျက်သိမ်းကြေးက ပေါင် ၂၅ သန်း + အပိုဆုကြေးက ပေါင် ၅ သန်းလောက်ရှိနိုင်တာဖြစ်ပြီး ဘာစီလိုနာဘက်က ပေးချေဖို့ အသင့်ရှိနေပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ ဘာစီလိုနာအတွက် ၁၀ ပွဲမှာ ၃ ဂိုးသွင်း ၊ ၅ ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။ နယူးကာဆယ်နဲ့ချန်ပီယံလိဂ်ပွဲမှာ ယူနိုက်တက်စတားဟောင်းဟာ အသင်းအတွက် ၂ ဂိုးစလုံးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ ရက်ရှ်ဖို့ဒ်အနေနဲ့လည်း ယူနိုက်တက်မှာ ရုန်းကန်နေရတာကြောင့် ဘာစီလိုနာထံပြောင်းရွှေ့ဖို့ အလားအလာများနေပါတယ်။ ဗီလာအသင်းထံ ကနဦးအငှားထွက်ကစားတုန်းကလည်း ခြေစွမ်းကောင်းပြသနိုင်ခဲ့ပြီး ဘာစီလိုနာအနေနဲ့တော့ ရက်ရှ်ဖို့ဒ်ကို အပြီးသတ်ခေါ်ယူနိုင်ဖို့ လုပ်ခလစာရှင်းထုတ်ထားဖို့ လိုအပ်နေပါတယ်။
လက်ရှိမှာခြေစွမ်းပြနေတာကြောင့် ယူနိုက်တက်ဘက်က ရက်ရှ်ဖို့ဒ်ကို လက်မလွှတ်တော့မှာကိုပဲ ဘာစီလိုနာအနေနဲ့ စိုးရိမ်ရမှာဖြစ်ပါတယ်။ ရက်ရှ်ဖို့ဒ်အနေနဲ့ ဘာစီလိုနာကိုအပြီးသတ်ပြောင်းရွှေ့နိုင်ဖို့ဆိုရင် အခုလက်ရှိစွမ်းဆောင်ရည်အတိုင်း ဆက်လက်ထိန်းသိမ်းထားရမှာဖြစ်ပါတယ်။ အင်္ဂလန်သားအတွက်က အပြောင်းအရွှေ့တင်မဟုတ်ပဲ လာမယ့်နှစ်ကမ္ဘာ့ဖလားမှာပါဝင်ခွင့်ရရေးပါ သက်ဆိုင်နေပါတယ်။
ဘာစီလိုနာနည်းပြ ဖလစ်ကိုယ်တိုင်က ရက်ရှ်ဖို့ဒ်ကိုခေါ်ယူပေးဖို့ အသင်းအားကစားဒါရိုက်တာ ဒေကိုအားတောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ “ကျွန်တော် နွေရာသီတုန်းက ဒေကိုအား ရက်ရှ်ဖို့ဒ်ကိုခေါ်ယူပေးဖို့ နဲ့ သူ့လိုကစားသမားမျိုးလိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်”လို့ ဖလစ်က ဆိုပါတယ်။တူချယ်ကလည်း ရက်ရှ်ဖို့ဒ်တစ်ယောက် အခုစွမ်းဆောင်ရည်အတိုင်းဆက်ထိန်းထားနိုင်ဖို့ မျှော်လင့်နေပါတယ်။ ပြီးခဲ့တဲ့ဝေးလ်နဲ့ပွဲမှာ ဘာစီလိုနာစတားဟာ လူစားဝင်ကစားခဲ့ပြီး လာမယ့်လက်ဗီးယားနဲ့ပွဲမှာတော့ ပွဲဦးထွက်ပါဝင်လာဖွယ်ရှိနေပါတယ်။