လီဗာပူးဆီပြန်လာဖို့ မဖြစ်နိုင်တော့ချိန် စပိန်မီဒီယာတွေရဲ့လှောင်ပြောင်မှုနဲ့ ရင်ဆိုင်ရနေရတဲ့ အာနိုးလ်
ရီးရဲလ်မက်ဒရစ်မှာ ကစားသမားဘဝ ပြိုလဲကျဆင်းလာချိန် အာနိုးလ်အတွက် နောက်ထပ်လှောင်ပြောင်သံတွေ ထပ်မံပေါ်ထွက်လာပါတယ်။
လွန်ခဲ့တဲ့နှစ်နှစ်၊ နွေရာသီကာလမှာ အာနိုးလ်က ငယ်ဘ၀ကလပ်အသင်းကို စွန့်ခွာပြီး ဥရောပပြိုင်ဘက်ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့ခဲ့လို့ လီဗာပူးပရိသတ်တွေရဲ့အသည်းနှလုံး ကြေကွဲသွားခဲ့ပါတယ်။
ဟိုဆေးမော်ရင်ဟိုလက်အောက်၊ ရီးရဲလ်မက်ဒရစ်ညာနောက်ခံလူနေရာအတွက် ဗယ်လ်ဗာဒီနဲ့ ဒမ်ဖရီးစ်တို့ကို မကျော်ဖြတ်နိုင်လို့ အာနိုးလ်ရဲ့စပိန်မြေစွန့်စားခန်းစတင်မှု မှန်ကန်တယ်ဆိုတာ သက်သေပြဖို့ ပိုမိုခက်ခဲလာပါတယ်။
ဗလန်စီယာကို ရီးရဲလ်မက်ဒရစ်အနိုင်ယူခဲ့တဲ့ စနေနေ့လာလီဂါပွဲစဉ်အပြီး စပိန်မီဒီယာတွေက မာဆေးဆိုဒ်မြေဆီ လွမ်းမောနေကောင်းနေနိုင်တဲ့ ဒီအင်္ဂလန်ကြယ်ပွင့်ကို လှောင်ပြောင်ခဲ့ကြပါတယ်။
မာကာ(Marca)သတင်းစာက ဗလန်စီယာနဲ့ပွဲစဉ်အတွက် ဗယ်လ်ဗာဒီကို အဆင့်သတ်မှတ်ရာမှာ ၁၀ မှတ်အနက် ၉ မှတ်အထိ ပေးခဲ့ပြီး "ကမ္ဘာ့အကောင်းဆုံး ညာနောက်ခံလူ ဖြစ်လာနိုင်တယ်" လို့ ဖော်ပြခဲ့ပါတယ်။
Mundo Deportivo ကလည်း အာနိုးလ်ကို ဗယ်လ်ဗာဒီနဲ့ ဒမ်ဖရီးစ်တို့ရဲ့နောက်မှာ ညာနောက်ခံလူနေရာအတွက် တတိယဦးစားပေးရွေးချယ်စရာအဖြစ် သတ်မှတ်ဖော်ပြခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်ရဲ့ ညာနောက်ခံလူနေရာအတွက် ကာလရှည် ဖြေရှင်းချက်တစ်ခု ဖြစ်လာဖို့ အာနိုးလ် ရောက်ရှိလာခဲ့ပေမဲ့ အက်သလက်တီကိုမက်ဒရစ်၊ ဘာစီလိုနာတို့နဲ့အပြိုင် ချန်ပီယံဆုအတွက် တိုက်ပွဲဝင်နေတဲ့ ရီးရဲလ်မက်ဒရစ်မှာ အရန်ကစားသမားအဖြစ်သာ အချိန်ကုန်ဆုံးနေပါတယ်။
ဒါပေမဲ့ အခုလိုအရန်ခုံထိုင်နေရမှုကြောင့် လာမယ့်နိုင်ငံတကာသီတင်းပတ်၊ အင်္ဂလန်လက်ရွေးစင်အသင်းလူစာရင်းမှာ ပါဝင်နိုင်မယ့် အာနိုးလ်ရဲ့အခွင့်အရေးကို မထိခိုက်စေခဲ့ပါဘူး။ သူက စပိန်၊ ခရိုအေးရှားတို့နဲ့ရင်ဆိုင်ရမယ့် သောမတ်စ်တူချယ်ရဲ့လူစာရင်းမှာ ပါဝင်နေပါတယ်။