The network connection is lost.

Banner Image

လီဗာပူးရဲ့စွမ်းဆောင်ရည်ပိုင်းနဲ့ပတ်သက်လို့ ကနဦးစိုးရိမ်မှုအကြောင်း ဖွင့်ဟပြောပြလာတဲ့ အန်းစလော့

လီဗာပူးဟာ အသင်းလိုက်ကစားပုံအသစ်တစ်ခုရှာဖွေဖို့ ရုန်းကန်နေရပြီး အမှတ်ပေးဖလားသိမ်းပိုက်နိုင်ခဲ့တဲ့ ယမန်နှစ်ဘောလုံးရာသီရဲ့ ဒုတိယရာသီဝက်ကာလကတည်းက စိုးရိမ်စရာတွေ ရှိခဲ့တယ်လို့ အန်းစလော့က အတိအလင်းဝန်ခံပြောဆိုခဲ့ပါတယ်။ ခရစ္စတယ်ပဲလေ့စ်၊ ဂါလာတာစာရေးတို့ကို ဆက်တိုက်ဆိုသလို ရှုံးနိမ့်ထားတဲ့ လီဗာပူးက ဒီညမှာတော့ ချဲလ်ဆီးနဲ့ပွဲစဉ်ကို ရင်ဆိုင်ကစားရပါမယ်။ အခုလိုနှစ်ပွဲဆက်ရှုံးနိမ့်မှုဆိုတာ အန်းစလော့လက်ထက်မှာ ဒုတိယမြောက်ပေါ်ပေါက်လာတဲ့ အခိုက်အတန့်သာ ဖြစ်ပါတယ်။ ဒါကြောင့် လီဗာပူးနည်းပြကိုယ်တိုင်က ဒီညပွဲစဉ်ကို ခက်ခဲကျပ်တည်းမယ်လို့ မျှော်လင့်နေပြီး တည်ကန်ဘောလို အရေးပါတဲ့အခိုက်အတန့်တွေဟာ ပွဲစဉ်ရလဒ်ကို အဆုံးအဖြတ်ပေးသွားနိုင်လိမ့်မယ်လို့ ယူဆနေပါတယ်။

ခံစစ်ပိတ်ထားတဲ့ပြိုင်ဘက်ကို ဖြိုခွဲဖို့ ကြိုးစားနေရခြင်းက လီဗာပူးအတွက် ၂၀၂၅ ခုနှစ်ရဲ့ဆောင်ပုဒ်တစ်ခုလို ဖြစ်လာနေပြီး အသင်းသမိုင်းတလျှောက် အကြိမ် ၂၀ မြောက် အမှတ်ပေးချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့တဲ့ ယမန်နှစ်ဘောလုံးရာသီနှောင်းပိုင်းမှာ ဒီအခက်အခဲကို အောင်အောင်မြင်မြင် ဖြတ်ကျော်နိုင်ခဲ့ပါတယ်။ အန်းစလော့ကိုယ်တိုင်လည်း ဒီပြဿနာကို အခုဘောလုံးရာသစ်မှာ ကစားသမားသစ်များစွာနဲ့အတူ အမှန်ကန်ဆုံးဖြေရှင်းဖို့ လိုအပ်နေပြီဆိုတာ နားလည်ထားပါတယ်။

ဒီအချက်ကို သက်သေပြပေးနေတဲ့ ကိန်းဂဏန်းတွေလည်း ရှိနေပြန်ပါတယ်။ ဖီယင်နုမှ အန်းစလော့ရောက်ရှိလာပြီးနောက် ပထမဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၁၉ ပွဲမှာ လီဗာပူးက Open Play မှတဆင့် သွင်းယူနိုင်တဲ့ ဂိုး ၄၀ အပါအဝင် ၄၇ ဂိုးအထိ သွင်းယူနိုင်ပေမယ့် လက်ကျန်ပရီးမီးယားလိဂ် ၁၉ ပွဲမှာတော့ Open Play မှတဆင့် သွင်းယူနိုင်တဲ့ ၂၇ ဂိုးအပါအဝင် ၃၉ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။

အန်းစလော့ကိုယ်တိုင်လည်း ထောင့်ကန်ဘောနဲ့ တည်ကန်ဘောတွေမှတဆင့် အကျိုးကျေးဇူးရယူနိုင်မှုကြောင့် ခံစစ်ပိတ်ဆို့ကစားတဲ့ပြိုင်ဘက်နဲ့ရင်ဆိုင်ရချိန် ခေါင်းကိုက်စရာအခက်အခဲတွေကို ဖုံးကွယ်ထားနိုင်ခဲ့တယ်လို့ ယုံကြည်နေပါတယ်။ သူတို့တွေက ယမန်နှစ်ဘောလုံးရာသီရဲ့ဒုတိယရာသီဝက်မှာ ထောင့်ကန်ဘောနဲ့ တည်ကန်ဘောတွေမှတဆင့် ရှစ်ဂိုးအထိ သွင်းယူနိုင်ပေမဲ့ အခုဘောလုံးရာသီမှာတော့ သိသိသာသာ လျော့နည်းကျဆင်းလာပါတယ်။

ဒတ်ချ်လူမျိုးနည်းပြက “ ကျွန်တော်တို့အသင်းရှုံးနိမ့်ခဲ့တဲ့ နောက်ဆုံးပွဲစဉ်နှစ်ခုမှာဆိုရင် အလွန်ရိုးရှင်းလှတဲ့ ဘောလုံးအချို့ကို ကျွန်တော်တို့ ဆုံးရှုံးခဲ့ပြီး ကျွန်တော်တို့အသင်းကစားပုံညံ့ဖျင်းနေသလားဆိုတဲ့မေးခွန်းကို ဖြစ်ပေါ်စေပါတယ်။ ဘုန်းမောက်ကို ၂-၀ ဂိုးဖြင့်ဦးဆောင်နိုင်ချိန် ကျွန်တော်တို့အသင်းကစားပုံ အရမ်းကောင်းခဲ့ပြီး ယမန်နှစ်ဘောလုံးရာသီ၊ ဒုတိယရာသီဝက်ကစားပုံထက်တောင် ပိုကောင်းခဲ့ပါတယ်။

ဒါပေမဲ့ နှစ်ဂိုးပြန်ပေးလိုက်ရချိန်မှာတော့ လူတိုင်းရဲ့အတွေးဆီ အပျက်သဘောဆောင်တဲ့အရာတွေ စတင်ဝင်ရောက်လာပါတယ်။ ဒီအတွက် အခြားဥပမာအနည်းငယ်ကိုလည်း ကျွန်တော် ပြပေးနိုင်ပါတယ်။ အက်သလက်တီကိုမက်ဒရစ်နဲ့ပွဲစဉ်မှာလည်း မယုံကြည်နိုင်လောက်အောင် ပွဲစဉ်ကိုစတင်နိုင်ပေမဲ့ ပြိုင်ဘက်အသင်းပြန်လာချိန်မှာတော့ ရုတ်ခြည်းဆိုသလို ယေဘုယျအတွေးအမြင်အားလုံး အပြုသဘောမဆောင်တော့ပါဘူး။

ပရီးမီးယားလိဂ်ချန်ပီယံဆုဆွတ်ခူးနိုင်လို့ အလွန်ပျော်ရွှင်ကျေနပ်မိပေမဲ့ ယမန်နှစ်ဘောလုံးရာသီ၊ ဒုတိယရာသီဝက်ကာလကို ကျွန်တော်တို့ မပစ်ပယ်ထားနိုင်ခဲ့ပါဘူး။ အဲ့ဒီကာလတွေမှာ အနိုင်ရလဒ်တစ်ခု ဖော်ဆောင်နိုင်ဖို့ အလွတ်တည်ကန်ဘောတွေ ဘယ်လောက်အထိ လိုအပ်ခဲ့ပါသလဲ။ လတ်တလောမှာလည်း အာဆင်နယ်နဲ့ ချဲလ်ဆီးတို့က ပွဲစဉ်တိုင်းနီးပါး အလွတ်တည်ကန်ဘောတစ်ကြိမ်လောက် ရရှိဖို့ လိုအပ်နေလို့ သိပ်ပြီးမဆိုးရွားလှပါဘူး”လို့ ပြောပါတယ်။