
အခုနွေရာသီမှာ နာပိုလီကနေထွက်ခွာဖွယ်ရှိနေတဲ့ ကွန်တီ
စီးရီးအေချန်ပီယံဆုအတွက်အခြေအနေကောင်းနေပေမယ့် နာပိုလီနည်းပြ ကွန်တီတစ်ယောက် အခုနွေရာသီမှာ အသင်းကနေထွက်ခွာဖွယ်ရှိနေတယ်လို့ သိရပါတယ်။ စပေါ့တ်အီတာလီယာသတင်းဌာနရဲ့အဆိုအရ အီတလီသားဟာ ဂျူဗင်တပ်စ်ကိုပြန်ဖို့ အခုနွေရာသီမှာ နာပိုလီကနေထွက်ခွာဖွယ်ရှိနေတယ်လို့ ဆိုပါတယ်။
ကွန်တီ နဲ့ နာပိုလီဘုတ်အဖွဲ့တို့ကြား ဆက်ဆံရေးအခြေအနေပေါ်မူတည်ပြီး ဆုံးဖြတ်ချက်ထွက်လာနိုင်တယ်လို့ သိရပါတယ်။ ချဲလ်ဆီးနည်းပြဟောင်း နဲ့ နာပိုလီတို့ကြား ကစားသမားသစ်မခေါ်ယူပေးမှုကနေ တင်းမာမှုတွေဖြစ်လာခဲ့တာဖြစ်ပါတယ်။ အီတလီသားဟာ ယခင်တော့တင်ဟမ်မှာတုန်းကလည်း ဘုတ်အဖွဲ့ဝင် လီဗိုင်းနဲ့ပြဿနာတက်ခဲ့သေးတာဖြစ်ပါတယ်။
ဂျူဗင်တပ်စ်ဟာ အခုရာသီမှာ နည်းပြတစ်ဦးကို ထုတ်ပယ်ထားခဲ့တာဖြစ်ပြီး လက်ရှိအမှတ်ပေးဇယားရဲ့အဆင့် ၄ နေရာမှာ ရပ်တည်နေကာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အခုအပတ်ပွဲက အရေးပါနေတာဖြစ်ပါတယ်။ လက်ရှိမှာ ဂျူဗင်တပ်စ်အသင်းကလည်း ကွန်တီကို ပြန်လည်ခေါ်ယူချင်နေပြီး ဂါလာတာစာရေးမှာခြေစွမ်းပြနေတဲ့ အိုဆီမင်ကိုပါ ကွန်တီနဲ့အတူ ခေါ်ယူချင်နေပါတယ်။
အခုအပတ်မှာ အင်တာက လာဇီယိုကိုသရေကျခဲ့တာကြောင့် နာပိုလီအနေနဲ့ စီးရီးအေချန်ပီယံဖြစ်ဖို့ ၁ ပွဲပဲအနိုင်ကန်ဖို့ လိုအပ်တော့တာဖြစ်ပါတယ်။ လက်ရှိအမှတ်ပေးဇယားကို ၁ မှတ်အသာနဲ့ ဦးဆောင်နေပေမယ့် အခုသောကြာနေ့မှာကန်မယ့် ကက်ဂလီယာရီနဲ့ပွဲကိုအနိုင်ကန်နိုင်ခဲ့မယ်ဆိုရင် စီးရီးအေချန်ပီယံဆုကိုရရှိမှာဖြစ်ပြီး ကွန်တီကတော့ ပါးမားနဲ့ပွဲမှာ အထုတ်ခံခဲ့ရတာကြောင့် အခုလာမယ့်နောက်ဆုံးပွဲကို လွဲချော်မှာဖြစ်ပါတယ်။