The network connection is lost.

Banner Image

ကစားသမားသစ်တွေခေါ်ယူနိုင်ဖို့ အပြင်းအထန်ကြိုးစားနေကြောင်း အသိပေးလာတဲ့ ပိုစတီကိုဂလူ

တော့တင်ဟမ်ဟာ အသင်းရဲ့တိုက်စစ်မှူး ဒိုမီနစ်ဆိုလန်ကီကို အထောက်အပံ့ပြုလုပ်နိုင်ဖို့ ယခုဇန်နဝါရီအတွင်းမှာ  ပီအက်စ်ဂျီတိုက်စစ်မှူး ကိုလိုမူအာနီကို ခေါ်ယူတော့မယ်လို့ သတင်းတွေထွက်ပေါ်နေသလို ယခုအခါမှာ နည်းပြအန်ဂျီပိုစတီကိုဂလူက အသင်းဟာ ကစားသမားသစ်တွေခေါ်ယူဖို့ အပြင်းအထန်ကြိုးစားနေကြောင်း အသိပေးပြောကြားလာခဲ့ပါတယ်။ 

ဒဏ်ရာပြဿနာ၊ ပွဲပယ်ပြစ်ဒဏ်နဲ့ ဖျားနာမှုတွေကြောင့် အသင်းရဲ့အဓိက ကစားသမားအများအပြားကို လက်လွှတ်ထားရတဲ့ တော့တင်ဟမ်ဟာ ဆောင်းရာသီဈေးကွက်မှာ အင်အားဖြည့်တင်းမှုတွေပြုလုပ်ဖို့ ရည်ရွယ်ထားပြီး မကြာမီကပဲ ဆလားဗီးယားပရာဟာအသင်းမှ ဂိုးသမား အန်တိုနင်ကင်စကီးကို ခေါ်ယူထားခဲ့တာဖြစ်ပါတယ်။ ယခုအခါမှာတော့ တိုက်စစ်ပိုင်းကို ထပ်မံအင်အားဖြည့်တင်းဖို့ အာရုံစိုက်နေပြီး ဆိုလန်ကီအတွက်အထောက်အပံ့ပေးနိုင်မယ့် တိုက်စစ်မှူးမျိုးကိုရှာဖွေနေတယ်လို့သိရပါတယ်။ 

မူအာနီဟာ ၂၀၂၃ ခုနှစ်တုန်းက ဖရန့်ဖတ်မှာ ပီအက်စ်ဂျီသို့ ပေါင် ၇၄ သန်းနဲ့ပြောင်းရွှေ့ထားခဲ့သူဖြစ်တာကြောင့် တော့တင်ဟမ်အနေနဲ့ ကစားသမားကို အပြီးသတ်ဝယ်ယူနိုင်ဖို့တော့ ဘဏ္ဍာရေးအရ အခက်အခဲရှိနိုင်ပါတယ်။ သို့သော်လည်း ပီအက်စ်ဂျီမှာနေရာမရတဲ့ မူအာနီအနေနဲ့ အသင်းကနေထွက်ခွာချင်နေပုံပေါ်တာကြောင့် တော့တင်ဟမ်ဟာ ကစားသမားကို အငှားစာချုပ်နဲ့ခေါ်ယူနိုင်ဖို့ အလားအလာရှိနေတယ်လို့သိရပါတယ်။ 

သတင်းတွေအရ တော့တင်ဟမ်ရဲ့ ဘောလုံးစီမံခန့်ခွဲရေးဒါရိုက်တာဟောင်း ဖာဘီယိုပါရာတီစီဟာ ယခင်က မူအာနီကို အသင်းသို့ခေါ်ယူဖို့ ကာလရှည်ပစ်မှတ်ထားခဲ့သူဖြစ်ပြီး ယခုအခါမှာတော့ ပြင်သစ်သားကို ပရီးမီးယားလိဂ်သို့ခေါ်ယူနိုင်ဖို့ အခွင့်အရေးရလာခဲ့ပြီဖြစ်ပါတယ်။ မူအာနီရဲ့အပြောင်းအရွှေ့ကောလာဟလနဲ့ပတ်သက်ပြီး တိုက်ရိုက်မေးမြန်းမှုပြုလုပ်ခဲ့ရာ ပိုစတီကိုဂလူက "ကျွန်တော်တို့က အသင်းကိုကူညီဖို့ကြိုးစားနေသလို ကစားသမားတွေကိုလည်း ကူညီဖို့ကြိုးစားနေပါတယ်။ လောလောဆယ်မှာတော့ အသင်းရဲ့ အဓိကကစားသမား ၁၀ ယောက်လောက်က အကြောင်းအမျိုးမျိုးကြောင့် ကစားနိုင်ခြင်းမရှိပါဘူး။ ဒါကြောင့် အသင်းရဲ့အခြေအနေက ခက်ခဲနေတယ်လို့ပြောရပါမယ်။ ဒါပေမယ့် ကလပ်က ကစားသမားသစ်တွေခေါ်ယူဖို့ အပြင်းအထန်ကြိုးစားနေပါတယ်"

"ကစားသမားတွေကို ဒဏ်ရာကနေပြန်လာနိုင်ဖို့ စောင့်ရမှာဖြစ်သလို၊ အင်အားဖြည့်တင်းဖို့ကလည်း လိုအပ်နေတာပါပဲ။ ဗဟိုတိုက်စစ်မှူးခေါ်ယူဖို့တော့မရှိပေမယ့် တိုက်စစ်မှာ အကူအညီပေးနိုင်တဲ့ကစားသမားမျိုးကိုတော့ လိုချင်ပါတယ်။ ရစ်ချာလီဆန်က မကြာခင်မှာကစားနိုင်တော့မယ်ဆိုပေမယ့် ဂရုစိုက်ရဦးမယ့်အခြေအနေမှာရှိနေပါသေးတယ်။ဈေးကွက်ထဲမှာဘာတွေဖြစ်လာမလဲဆိုတာကတော့ ကျွန်တော်လည်း သေချာမပြောတတ်သေးပါဘူး။ ဆိုလန်ကီကလည်း အသင်းမှာ ပုံမှန်ခြေစွမ်းရနေပါတယ်။ သူလည်း နောက်ထပ်ပိုကောင်းတဲ့အဆင့်ကို မကြာခင်မှာပဲ တက်လှမ်းနိုင်တော့မယ်လို့ထင်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

မူအာနီအနေနဲ့ သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ကြီးမားတဲ့ဆုံးဖြတ်ချက်ကို လာမယ့်ရက်သတ္တပတ်အနည်းငယ်အတွင်းမှာပဲ ချမှတ်သွားရတော့မှာဖြစ်ပြီး ပြင်သစ်သားအနေနဲ တော့တင်ဟမ်သို့ အပြီးသတ်ရောက်လာမလား ဒါမှမဟုတ် အငှားစာချုပ်နဲ့ရောက်လာမလား စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။