ရာသီသစ်အတွက် ခြောက်ပွဲကစားပြီးချိန် လန်းစ်နဲ့ လမ်းခွဲခဲ့ရလို့ အံ့အားသင့်နေတဲ့ တော့ပ်မိုလာ
ပြိုင်ပွဲစုံခြောက်ပွဲသာ တာဝန်ယူကိုင်တွယ်ခဲ့ရပြီးနောက် လန်းစ်အသင်းမှ ထွက်ခွာလာခဲ့ရမှုအပေါ် အံ့အားသင့်ဆွံ့အနေခဲ့တယ်လို့ တော့ပ်မိုလာက ဝန်ခံပြောကြားပါတယ်။
ဖရန့်ဖတ်နည်းပြဟောင်းက ထင်ရှားတဲ့ နိုင်ပွဲတချို့ကို ရယူပေးနိုင်ခဲ့ပေမဲ့ ပြီးခဲ့တဲ့လအတွင်း လီဂူးဝမ်းကလပ်နဲ့ နှစ်ဖက်သဘောတူညီမှုရယူကာ လမ်းခွဲခဲ့ပါတယ်။
တော့ပ်မိုလာက ပြင်သစ်စူပါဖလားပွဲစဉ်မှာ လန်းစ်ကို အကောင်းဆုံးဦးဆောင်ပြီး ပီအက်စ်ဂျီကို အနိုင်ယူခဲ့သလို ယူအီးအက်ဖ်အေချန်ပီယံလိဂ်ပွဲစဉ်မှာလည်း ဆလားဗီးယားပရာဟာကို အနိုင်ရရှိအောင် နည်းဗျူဟာပိုင်း စီမံပေးနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ သူ့လက်ထက် လီဂူးဝမ်းပွဲစဉ်လေးခုမှာတော့ နိုင်ပွဲတစ်ကြိမ်သာ ရရှိကာ အမှတ်ပေးဇယားအဆင့်-၁၀ နေရာအထိ ရောက်ရှိသွားပါတယ်။
ကလပ်အသင်းရဲ့ ဖွဲ့စည်းပုံပြန်လည်ပြင်ဆင်ရေးအစီအစဉ်တွေအပေါ် သဘောထားကွဲလွဲမှုတွေကြောင့် နည်းပြဖြစ်သူနဲ့ လမ်းခွဲခဲ့တယ်လို့ လန်းစ်ဘက်က အကြောင်းပြခဲ့ပြီး တော့ပ်မိုလာနဲ့ အသင်းတာဝန်ရှိသူတွေအကြား ဆန့်ကျင်ဘက်အမြင်တွေ ရှိနေခဲ့ကြတယ်လို့ သိရပါတယ်။
တော့ပ်မိုလာက "ခင်ဗျားရဲ့လက်ထောက်နည်းပြက လက်ထောက်အဖြစ် ဆက်ရှိနေချိန် ခင်ဗျားကိုယ်တိုင်ကတော့ အထုတ်ခံလိုက်ရတယ်ဆိုတဲ့အချက်နဲ့ ရင်ဆိုင်လိုက်ရတယ်ဆိုတာ တကယ့်ထိုးနှက်ချက်တစ်ခုပါပဲ" လို့ ပြောကြားခဲ့ပါတယ်။
သူက အခုလိုထွက်ခွာလာရမှုကို "စိတ်ပျက်စရာနဲ့ တုန်လှုပ်စရာကိစ္စတစ်ခု" အဖြစ် ဖော်ပြခဲ့ပြီး သူကိုယ်တိုင်လည်း "အံ့အားသင့် ဆွံ့အခဲ့ရတယ်" လို့ ထပ်လောင်း ပြောဆိုခဲ့သလို လက်ထောက်နည်းပြမော်ဂါဒိုကိုလည်း "တောင်းဆိုမှု များလွန်းသူ၊ အသံကျယ်လွန်းသူနဲ့ လူတွေနဲ့ ပဋိပက္ခအများကြီးဖြစ်နေသူ" လို့ ဖော်ပြပြောဆိုသွားခဲ့ပါတယ်။