The network connection is lost.

Banner Image

လီဗာပူးအသင်းမှထွက်ခွာတော့မယ့် အသင်းဖော်မိုဆာလက်အတွက် ချီးကျူးစကားဆိုခဲ့တဲ့ ရောဘတ်ဆန်

လီဗာပူးအသင်းဝါရင့်နောက်ခံလူရောဘတ်ဆန်ကတော့ အသင်းမှ ထွက်ခွာတော့မယ့် အသင်းဖော်မိုဟာမက်ဆာလက်အတွက် ချီးကျူးဂုဏ်ပြုစကား ပြောကြားခဲ့ပါတယ်။

အခုဘောလုံးရာသီကုန်ဆုံးချိန်၊ အန်ဖီးလ်ကွင်းမှ ထွက်ခွာသွားတော့မယ်လို့ မိုဆာလက်က အင်္ဂါနေ့ညနေပိုင်းမှာ အတည်ပြုကြေညာခဲ့ပါတယ်။

ဒီသတင်းစကားကို အွန်လိုင်းပေါ်ကတစ်ဆင့် ရောဘတ်ဆန်က အခုလိုပဲ တုံ့ပြန်သွားခဲ့ပါတယ်။

"ကွင်းတွင်းမှာရော ကွင်းပြင်ပမှာပါ အမှတ်တရကောင်းတွေနဲ့ ပြည့်နှက်နေခဲ့တဲ့ ငါတို့ဘဝရဲ့ အကောင်းဆုံးကိုးနှစ်တာအချိန်ကာလတွေပါပဲ။ မင်းလုပ်သမျှ အရာတိုင်းမှာ အကောင်းဆုံးဖြစ်လာတာကို ကြည့်နေရတာ၊ လီဗာပူးဂျာစီ ဝတ်ဆင်ဖူးသမျှ ကစားသမားတွေထဲမှာ အကောင်းဆုံးဖြစ်လာသူတွေအနက် တစ်ဦးဖြစ်လာတာကို မြင်တွေ့ရတာနဲ့ အဲ့ဒီခရီးစဉ်မှာ တစိတ်တပိုင်းအားဖြင့် ပါဝင်ခွင့်ရခဲ့တယ်ဆိုတာ တကယ်ကိုပျော်ရွှင်စရာပါပဲ။"

"မင်းရဲ့စိတ်ဓာတ်ပိုင်းကတော့ ဘယ်သူနဲ့မှ မနှိုင်းယှဉ်နိုင်အောင် ကောင်းမွန်လွန်းပြီး လူအများအပြား အတုယူသင့်တဲ့ အချက်လည်း ဖြစ်ပါတယ်။ မင်းက နေ့စဉ်နေ့တိုင်း ကိုယ့်ကိုယ်ကိုယ် တွန်းအားပေးခဲ့သလို မင်းကိုယ်တိုင်ရော၊ တခြားသူတွေဆီကပါ ပိုကောင်းတဲ့အရာတွေကို အမြဲတမ်း တောင်းဆိုလေ့ရှိတယ်။"

"ကွင်းထဲမှာ အတူတူ အချိန်အကြာကြီး ကစားခွင့်ရခဲ့တာဟာ ဝမ်းသာစရာကောင်းသလို မင်းကို မိတ်ဆွေသူငယ်ချင်းတစ်ဦးလို့ ခေါ်ဆိုနိုင်ခဲ့တာကတော့ ပိုလို့တောင် ဝမ်းသာစရာကောင်းပါတယ်။"

"မင်းက လီဗာပူးအသင်းရဲ့အကောင်းဆုံးကစားသမား၊ ဘယ်သူနဲ့မှ မနှိုင်းယှဉ်နိုင်တဲ့သူဆိုတဲ့ မင်းရဲ့အဆင့်အတန်းနဲ့လိုက်ဖက်တဲ့ နှုတ်ဆက်ခြင်းမျိုးကို ရရှိပိုင်ဆိုင်ထိုက်ပါတယ်" လို့ ရောဘတ်ဆန်က ဆိုပါတယ်။