ခက်ခဲတဲ့ အချိန်ကာလကို ဖြတ်သန်းနေရပေမဲ့ ယူနိုက်တက်အတွက် အကြီးမားဆုံးပြဿနာက ကာရစ် မဟုတ်ဘူးလို့ ဂျာရတ် အခိုင်အမာပြောကြား
လီဗာပူးဂန္တဝင်စတီဗင်ဂျာရတ်က နည်းပြမိုက်ကယ်ကာရစ်လက်အောက် မန်ချက်စတာယူနိုက်တက် ကြုံတွေ့နေရတဲ့ အခက်အခဲတွေနဲ့ပတ်သက်လို့ သုံးသပ်ပြောဆိုလိုက်ပါတယ်။
ယူနိုက်တက်က ပရီးမီးယားလိဂ်ကိုးပွဲကစားပြီးချိန်၊ ခုနစ်မှတ်သာ ရရှိထားပြီး အခုသီတင်းပတ်ကုန်ပွဲစဉ်တွေမတိုင်ခင် တန်းဆင်းဇုန်နဲ့ အနီးကပ်ဆုံးနေရာမှာ ရှိနေပါတယ်။
ကာရစ်ရဲ့နေရာမှာ လက်ရှိအက်စတွန်ဗီလာနည်းပြအူနိုင်းအမ်မရီ အစားထိုးဝင်ရောက်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပေမဲ့ ဂျာရတ်အပါအဝင် ဘောလုံးဝါသနာရှင်အများစုကတော့ ကာရစ်ကို ရာထူးမှဖယ်ရှားလိုက်ရုံဖြင့် ကလပ်အသင်းရဲ့ပြဿနာတွေကို ဖြေရှင်းနိုင်စရာ မရှိဘူးလို့ ယုံကြည်နေပါတယ်။
TNT Sports ဆွေးနွေးခန်းမှာ ဂျာရတ်က "တခါတလေကျရင် သတ်မှတ်ထားတဲ့ ပြိုင်ဘက်နဲ့ကစားရချိန် သတ်မှတ်ထားတဲ့ ပုံစံတစ်ခုနဲ့ ခြေစွမ်းပြသနိုင်မှုကြောင့် ဘုတ်အဖွဲ့ဝင်တွေအတွက် ယုံကြည်မှုနဲ့ မျှော်လင့်ချက် အနည်းငယ်ပိုရသွားစေနိုင်ပါတယ်"
"ကာရစ်က ခက်ခဲတဲ့ အချိန်ကာလတစ်ခုကို ဖြတ်သန်းနေရပြီး လာမယ့်လိဂ်ပွဲစဉ်မှာ အဆုံးအဖြတ်တွေ အများကြီးထွက်ပေါ်လာနိုင်တယ်လို့ ထင်ပါတယ်။ တကယ်လို့ သူသာ အဲ့ဒီပွဲစဉ်ကို အနိုင်ရမယ်ဆိုရင် ဒါက ပိုကောင်းတဲ့ခြေစွမ်းဆီ ရောက်ရှိဖို့ သူတို့အတွက် အစပြုနိုင်မယ့် ခြေလှမ်းတစ်ရပ် ဖြစ်လာလိမ့်မယ်ဆိုတာ လူတိုင်း တွေးမိကြပါလိမ့်မယ်"
"ဒါပေမဲ့ နိုင်ငံတကာသီတင်းပတ်မတိုင်ခင် နောက်ဆုံးပွဲစဉ်မှာ ရှုံးနိမ့်သွားမယ်ဆိုရင် ဘာတွေ ဖြစ်လာနိုင်သလဲဆိုတာကို လူတိုင်း သိကြပါတယ်။ လိဂ်ပွဲစဉ် ၉ ပွဲဆက် နိုင်ပွဲမရရှိတဲ့ အခြေအနေမှာ အဲဒီပွဲစဉ်ကိုပါ ထပ်ရှုံးရင်တော့ သူ့အတွက် အရမ်းခက်ခဲသွားနိုင်တယ်လို့ ကျွန်တော် ထင်ပါတယ်"
"မန်ချက်စတာယူနိုက်တက်မှာ ပြဿနာတစ်ခုတည်း မဟုတ်ဘဲ ပြဿနာတွေ အများကြီး ရှိနေတယ်လို့ မကြာသေးမီကပဲ ကျွန်တော် ပြောခဲ့ပြီးပါပြီ။ အဲ့ဒီနေရာမှာ မိုက်ကယ်ကာရစ်က အဲဒီနေရာမှာ အကြီးမားဆုံးပြဿနာ မဟုတ်ဘူးလို့ ကျွန်တော် ယူဆပါတယ်" လို့ ပြောပါတယ်။
ယူနိုက်တက်က ပြိုင်ပွဲစုံနောက်ဆုံး ၁၀ ပွဲမှာ တစ်ပွဲသာ အနိုင်ရရှိထားပေမဲ့ ကြားရက်၊ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ရိုးမားကို အနိုင်ရရှိခဲ့လို့ အခုအက်စတွန်ဗီလာနဲ့ပွဲစဉ်ကိုပါ ထပ်အနိုင်ရမယ်ဆိုရင် အသင်းရဲ့စိတ်ဓါတ်ပိုင်းကို ပြန်လည်မြှင့်တင်ပေးနိုင်သလို ကာရစ်အတွက်လည်း နည်းပြရာထူး စိတ်ချစေနိုင်လိမ့်မယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။