မက်ဆီခေတ်လွန် အာဂျင်တီးနားလက်ရွေးစင်ကစားသမားစာရင်းကို ထုတ်ပြန်လာတဲ့ စကာလိုနီ
လီယွန်နယ်မက်ဆီရဲ့ လက်ရွေးစင်ကစားသမားဘ၀အနားယူမှုနောက်ပိုင်း အာဂျင်တီးနားအသင်းနည်းပြစကာလိုနီက နိုဝင်ဘာလအတွင်း ဥရုဂွေး၊ ကော်စတာရီကာတို့နဲ့ ယှဉ်ပြိုင်ကစားမယ့် ခြေစမ်းပွဲစဉ်တွေအတွက် သူ့ရဲ့လက်ရွေးစင်ကစားသမား ၂၈ ဦးစာရင်းကို ထုတ်ပြန်လိုက်ပါတယ်။
ကာလရှည်လက်တွဲခဲ့တဲ့ အသင်းခေါင်းဆောင်မပါဝင်တော့တဲ့ အသင်းသစ်ကို စကာလိုနီ စတင်ပုံဖော်နေချိန် အသက် ၂၁ နှစ်အရွယ်ချဲလ်ဆီးနောက်ခံလူအန်ဆယ်လ်မီနိုလည်း စီနီယာအသင်းကြီးမှာ ပါဝင်လာသလို ရေးဗားပလိတ်ရဲ့ ဂွန်ဇာလိုမွန်တီရဲလ်နဲ့ ပါးမားနောက်ခံလူ မာရီယာနိုထရွိုင်လိုတို့လည်း အသင်းလူစာရင်းဆီ ပြန်လည်ဝင်ရောက်လာခဲ့ပါတယ်။
ဒီလူစာရင်းထဲမှာ မက်အယ်လစ္စတာ၊ အန်ဇိုဖာနန်ဒက်ဇ်နဲ့ ဂျူလီယန်အယ်လ်ဗာရက်ဇ်တို့လို အဓိကကစားသမားတွေလည်း ပါဝင်လာခဲ့ပါတယ်။
ချဲလ်ဆီးအတွက်ကစားပေးနေချိန် မေးရိုးဒဏ်ရာရရှိခဲ့တဲ့ ဂိုးသမားအီမီလီယာနိုမာတီနက်ဇ်ကိုလည်း လူစာရင်းမှာ ထည့်သွင်းထားပြီး ပွဲနေ့မတိုင်ခင် သူ့ရဲ့ကြံ့ခိုင်မှုကို စစ်ဆေးသွားပါလိမ့်မယ်။
ဒီပေါလ်နဲ့ လိုဆယ်ဆိုတို့တော့ အခုလူစာရင်းမှာ မပါဝင်လာခဲ့သလို ဒဏ်ရာပြဿနာရှိနေတဲ့ တိုက်စစ်မှူးလော်တာရိုမာတီနက်ဇ်နဲ့ နောက်ခံလူရိုမဲရိုတို့လည်း နိုဝင်ဘာနိုင်ငံတကာသီတင်းပတ်ကို သေချာပေါက်လွဲချော်သွားပါလိမ့်မယ်။
အာဂျင်တီးနားက နိုဝင်ဘာ ၁၃ ရက်၊ လာဘွန်ဘိုနီယာကွင်းမှာ ဥရုဂွေးကို ဧည့်ခံကစားပြီးနောက် နိုဝင်ဘာ ၁၇ ရက်၊ ကော်ဒိုဘာမြို့ရှိ မာရီယိုအယ်လ်ဘာတိုကမ်ပက်စ်အားကစားကွင်းမှာ ကော်စတာရီကာနဲ့ ဆက်လက်ယှဉ်ပြိုင်ကစားသွားပါမယ်။