သမိုင်းတလျှောက် အကောင်းဆုံးဆီမီးဖိုင်နယ်ပွဲစဉ်တွေ ဘာကြောင့် ဖြစ်လာနိုင်တာလဲ
ဆွစ်ဇာလန်အသင်းရဲ့ဂိုးထောင့်ဆီ အယ်လ်ဗာရက်ဇ်ကန်သွင်းယူလိုက်တဲ့ဂိုးက အခုအထိတော့ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့အလှပဆုံးဂိုးလို့တောင် တင်စားလို့ရပါတယ်။ ဒီဂိုးက သွင်းယူပုံလှပရုံတင်မက အဓိပ္ပါယ်လည်း အများကြီးရှိပါတယ်။
ဖီဖာရဲ့ အထူးဧည့်သည်တော်တွေထိုင်တဲ့နေရာမှာ တောင်အမေရိကဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌအလက်ဟန်ဒရိုဒိုမင်ဂွက်ဇ်က အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌကလော်ဒီယို တာပီယာကို တစ်နိုင်ငံတည်းသားလို ဖက်လဲတကင်းအပြင်းအထန်အောင်ပွဲခံခဲ့ပါတယ်။ ဒါက ပါရာဂွေးနိုင်ငံသားတစ်ဦးအတွက်ဆိုရင် အတော်လေးထူးဆန်းတဲ့တုံ့ပြန်မှု ဖြစ်ပါတယ်။
ဒီသွင်းဂိုးကြောင့်ပဲ ဆီမီးဖိုင်နယ်အဆင့်မှာ တောင်အမေရိကကိုယ်စားပြုအသင်းတစ်ခု အမှန်တကယ်ပါဝင်လာသလို ဖီဖာတာဝန်ရှိသူတွေကိုယ်တိုင်လည်း တကယ့်ကို ဝမ်းသာနေကြပါလိမ့်မယ်။ အလားတူ ဒီသွင်းဂိုးကြောင့် လူတိုင်းမျှော်လင့်နေတဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်တွေ ဖြစ်လာခဲ့ပါပြီ။
အစောပိုင်းမှာ စပိန် vs ပေါ်တူဂီ ထိပ်တိုက်တွေ့ဆုံမှုမှလွဲရင် အသင်းကြီးအချင်းချင်း ရင်ဆိုင်ယှဉ်ပြိုင်ရခြင်း သိပ်မရှိပေမဲ့ အခုတော့ ထိပ်တန်းအားပြိုင်မှုကြီးနှစ်ခုနဲ့အတူ စိတ်လှုပ်ရှားစရာဗိုလ်လုပွဲကို ကြည့်ရှုခံစားရပါတော့မယ်။
ဖီဖာရဲ့ထုတ်ပြန်ချက်အရ အခုကမ္ဘာ့ဖလားရဲ့ဆီမီးဖိုင်နယ်အဆင့်မှာ ကမ္ဘာ့အဆင့်သတ်မှတ်ချက်အမြင့်ဆုံးအသင်းလေးခု ပထမဆုံးအကြိမ် ထိပ်တိုက်တွေ့ဆုံနေသလို ၁၉၉၀ ပြည့်နှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ချန်ပီယံဟောင်းတွေ ပြန်လည်ဆုံတွေ့နေတယ်လို့ သိရပါတယ်။ ၁၉၉၀ ကမ္ဘာ့ဖလားပြိုင်ပွဲလိုပဲ အခုတစ်ကြိမ်မှာလည်း တကယ့်ကိုဆွဲဆောင်မှုရှိတဲ့ တွဲဆိုင်းတွေ ဖြစ်နေပြန်ပါတယ်။
လတ်တလောမော်ဒန်ဘောလုံးခေတ်ကမ္ဘာ့ဖလားပြိုင်ပွဲတွေကို ပြန်ကြည့်လိုက်မယ်ဆိုရင်လည်း ၂၀၁၄ ဆီမီးဖိုင်နယ်က အကြိတ်အနယ်ဖြစ်ဖို့ နီးစပ်ခဲ့ပေမဲ့ အာဂျင်တီးနား vs နယ်သာလန် ထိပ်တိုက်တွေ့ဆုံမှုမှာ ဂိုးမရှိသရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။ ၂၀၀၆ ပြိုင်ပွဲကလည်း အရည်အသွေးရှိပေမဲ့ ဥရောပကိုယ်စားပြုအသင်းတွေချည်းပဲ ဖြစ်နေခဲ့ပါတယ်။
အခုပွဲစဉ်တွေမှာတော့ ကစားသမားတွေရဲ့ အရည်အချင်း၊ ကွဲပြားတဲ့ ကစားဟန်တွေနဲ့ စိတ်ဝင်စားစရာ ဇာတ်ကြောင်းတွေ အပြည့်ပါဝင်နေပါတယ်။ တနင်္ဂနွေနေ့မနက်ပိုင်း၊ ကွာတားဖိုင်နယ်ပွဲစဉ်တွေမတိုင်ခင်ကတည်းက ပြင်သစ် vs စပိန် ထိပ်တိုက်တွေ့ဆုံမှုကို အခုပြိုင်ပွဲအတွက် ချန်ပီယံထွက်ပေါ်လာမယ့် "အစစ်အမှန်ဗိုလ်လုပွဲ" လို့ တင်စားနေကြပါတယ်။
စပိန်က ဂွာဒီယိုလာရဲ့နည်းစနစ်ပိုင်းကို အသုံးချပြီး အသင်းလိုက်စနစ်တကျကစားတတ်သလို ပြင်သစ်ကလည်း ကစားသမားတစ်ဦးချင်းစီရဲ့အရည်အသွေးကို လွတ်လွတ်လပ်လပ် ပိုမိုအသုံးပြုခွင့်ပေးတဲ့ နည်းဗျူဟာကို သုံးစွဲပါတယ်။ ဒါက အဖွဲ့လိုက်တီးဝိုင်းတစ်ခုနဲ့ လွတ်လပ်မှုအပြည့်ရှိတဲ့ Jazz ဂီတ အားပြိုင်မှုလိုပါပဲ။ ဒါ့အပြင် ယူရို-၂၀၂၄ ဆီမီးဖိုင်နယ်မတိုင်ခင် ရာဘီယော့ရဲ့ ၁၆ နှစ်သားလူငယ်လေးအတွက် အတော်လေးကြီးကျယ်ခမ်းနားနေမယ့်ပွဲစဉ်ဆိုတဲ့ ယာမယ်လ်အပေါ်ဝေဖန်မှု စကားလုံးတွေလည်း ပြန်လည်ခေတ်စားနေပါတယ်။
အဲဒီပွဲစဉ်ထက်ပင် ပိုစိတ်ဝင်စားစရာကောင်းတဲ့အရာက အာဂျင်တီးနား vs အင်္ဂလန် ထိပ်တိုက်တွေ့ဆုံမှု ဖြစ်ပါတယ်။ ဒီပွဲစဉ်ကို ၁၉၈၆ ကမ္ဘာ့ဖလား၊ ကွာတားဖိုင်နယ်အဆင့် မာရာဒိုနာရဲ့ 'ဘုရားပေးသောလက်'သွင်းဂိုး နှစ် ၄၀ ပြည့်မြောက်ချိန်မှာ ကြည့်ရှုခံစားရပါမယ်။ ဒါ့အပြင် ဒီနှစ်သင်းအကြား ၂၀၀၅ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ထိပ်တိုက်တွေ့ဆုံမှုဖြစ်သလို ၂၀၀၂ ခုနှစ်နောက်ပိုင်း ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပထမဆုံးအကြိမ် ပြန်လည်ရင်ဆိုင်ရတဲ့ ပွဲစဉ်လည်း ဖြစ်ပါတယ်။
အာဂျင်တီးနားအတွက်တော့ ဘောလုံးပွဲထက်ပိုမယ့် ဖောက်ကလန်ကျွန်းနဲ့ပတ်သက်တဲ့ ခံစားချက်တွေ ပါဝင်နေသလို အင်္ဂလန်အတွက်လည်း နှစ်ပေါင်း ၆၀ ကြာ စောင့်မျှော်ခဲ့ရတဲ့ ဆုဖလားကြီးကို ဆွတ်ခူးနိုင်ဖို့ မဖြစ်မနေဖြတ်သန်းရမယ့် လှေကားထစ်တစ်ခု ဖြစ်နေပါတယ်။
လတ်တလောမှာ မက်ဆီနဲ့ အမ်ဘာပေတို့က သူတို့ရဲ့သမိုင်းမှတ်တမ်းတွေကို အကောင်းဆုံးအဆုံးသတ်ချင်နေကြသလို အင်္ဂလန်ကလည်း ကမ္ဘာ့ချန်ပီယံစာရင်းဝင်တွေအနက် အချိန်အကြာဆုံးဆုဖလားငတ်မွတ်မှုကို အဆုံးသတ်ချင်နေပါတယ်။ ဒီပွဲစဉ်က မက်ဆီအတွက် အင်္ဂလန်နဲ့ရင်ဆိုင်ရတဲ့ ပထမဆုံးပွဲစဉ် ဖြစ်ပါတယ်။
အင်္ဂလန်ရော၊ အာဂျင်တီးနားပါ စပိန်နဲ့ ပြင်သစ်တို့လောက် အသင်းလိုက်ကစားပုံ မကောင်းပေမဲ့ သူတို့ဆီမှာ အသင်းနဲ့ပွဲစဉ်ကို ကယ်တင်နိုင်တဲ့ စူပါဟီးရိုးတွေ ရှိနေကြပါတယ်။ ဒါကြောင့် ဒီပွဲစဉ်က ဘာမဆိုဖြစ်သွားနိုင်ပြီး ပင်နယ်တီအဆုံးအဖြတ်အထိတောင် ရောက်သွားနိုင်လို့ စိတ်လှုပ်ရှားစရာအခိုက်အတန့်တွေ ရှိလာနိုင်ပါတယ်။
ဖီဖာအတွက်လည်း ဝမ်းသာစရာပါပဲ။ ဟာလန်းမှလွဲရင် မက်ဆီ၊ အမ်ဘာပေ၊ အိုလီစီ၊ ဒမ်ဘီလီ၊ ဘယ်လင်ဟမ်၊ ဟာရီကိန်းနဲ့ အယ်လ်ဗာရက်ဇ်တို့လို ထိပ်တန်းကစားသမားတွေ အကုန်လုံး ဆီမီးဖိုင်နယ်မှာ ရှိနေကြပါတယ်။ လူငယ်ကြယ်ပွင့်ယာမယ်လ်ရဲ့အခိုက်အတန့်ကိုလည်း အားလုံးက စောင့်ကြည့်နေကြပါတယ်။ ဒီလိုထိပ်သီးပွဲစဉ်တွေသာ အခုကမ္ဘာ့ဖလားအရှိန်အဟုန်အတိုင်း ဆက်သွားနေမယ်ဆိုရင် သမိုင်းတလျှောက် အကောင်းဆုံးဆီမီးဖိုင်နယ်ပွဲစဉ်တွေအဖြစ် လူတိုင်း မှတ်မိနေကြပါလိမ့်မယ်။
ဒါပေမဲ့ တဖက်မှာလည်း ဘာလိုဂန်အနီကတ်ဖြစ်ရပ်အတွက် ဒေါ်နယ်ထရမ့်ကြားဖြတ်ဝင်ရောက်မှုကြောင့် ဖီဖာအပေါ် သံသယတွေရှိနေကြလို့ စိတ်မကောင်းစရာပါပဲ။ လာမယ့်ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်အသင်း ၆၄ ခုအထိ တိုးမြှင့်ဖို့ ဆွေးနွေးသွားမယ်ဆိုတဲ့ ဖီဖာဥက္ကဋ္ဌအင်ဖန်တီနိုရဲ့ အာရုံလွှဲပြောဆိုမှုရှိထားပေမဲ့ အခုရှိနေတဲ့ ရှုံးထွက်အဆင့်ပွဲစဉ်တွေရဲ့အရှိန်အဟုန်ကတော့ ဘာနဲ့မှမတူပါဘူး။ ထိပ်ဆုံးရောက်ဖို့ နီးစပ်လာလေ၊ ရင်ခုန်စရာကောင်းလေလေ ဖြစ်နေပြီး အခုဆီမီးဖိုင်နယ်ပွဲစဉ်တွေကလည်း ဘယ်ကာလနဲ့မှ မတူညီတဲ့ အကောင်းဆုံးပွဲစဉ်တွေ ဖြစ်လာနိုင်ပါတယ်။ ဖီဖာအတွက်တော့ အခုထက်ပိုပြီး ပျော်စရာကောင်းမယ့်ကိစ္စ မရှိနိုင်တော့ပါဘူး။