The network connection is lost.

Banner Image

ကမ္ဘာ့ဖလားအငြင်းပွားဖွယ်ကိစ္စရပ်တွေနဲ့ပတ်သက်လို့ ဖီဖာကော်မတီတွေဆီ တိုင်ကြားချက်တင်သွင်းလိုက်တဲ့ နော်ဝေဘောလုံးအဖွဲ့ချုပ်

ကမ္ဘာ့ဘောလုံးအသိုင်းအဝိုင်းမှာ အငြင်းပွားမှုကြီးတွေ ဖြစ်ပေါ်စေခဲ့တဲ့ လတ်တလောကိစ္စရပ်သုံးခုနဲ့ပတ်သက်လို့ ဖီဖာကော်မတီနှစ်ခုဆီ အပြိုင်တိုင်ကြားချက်နှစ်စောင် တင်သွင်းခဲ့တယ်လို့ နော်ဝေဘောလုံးအဖွဲ့ချုပ်(NFF)က အင်္ဂါနေ့မှာ ပြောကြားခဲ့ပါတယ်။

Reuters သတင်းဌာနကိုယ်တိုင် တွေ့မြင်ခဲ့ရတဲ့ စာရွက်စာတမ်းတစ်ခုအရ နော်ဝေက ကမ္ဘာ့ဘောလုံးအုပ်ချုပ်ရေးအဖွဲ့အစည်းရဲ့ ကျင့်ဝတ်ဆိုင်ရာကော်မတီနဲ့ စီမံအုပ်ချုပ်မှုဆိုင်ရာကော်မတီတို့ဆီ ဒီတိုင်ကြားချက်တွေကို တင်သွင်းခဲ့တယ်လို့ သိရပါတယ်။

ဒီတိုင်ကြားချက်တွေက ဖီဖာဥက္ကဋ္ဌအင်ဖန်တီနိုရဲ့ခေါင်းဆောင်မှုအပေါ် NFF ရဲ့ အတိအလင်းဆုံး တရားဝင် စိန်ခေါ်မှုတစ်ခု ဖြစ်လာခဲ့ပြီး ကမ္ဘာ့ဘောလုံးအုပ်ချုပ်ရေးအဖွဲ့အစည်းအတွင်း စီမံအုပ်ချုပ်မှုနဲ့ ပွင့်လင်းမြင်သာမှုဆိုင်ရာ ကာလရှည်တင်းမာမှုတွေကို ပိုမို ပြင်းထန်လာစေခဲ့ပါတယ်။

NFF ရဲ့ ထုတ်ပြန်ချက်တစ်ခုမှာ "ပထမတိုင်ကြားချက်ကို ဖီဖာကျင့်ဝတ်ကော်မတီဆီ တင်သွင်းခဲ့ပါတယ်။ အဲဒီတိုင်ကြားချက်ထဲမှာ ဖီဖာဥက္ကဋ္ဌအင်ဖန်တီနိုနဲ့အတူ စုံစမ်းစစ်ဆေးမှုမှတဆင့် တွေ့ရှိရမယ့် အခြားလူပုဂ္ဂိုလ်တွေကိုယ်တိုင် ဖီဖာရဲ့ကျင့်ဝတ်စည်းကမ်းတွေကို ချိုးဖောက်ခဲ့ခြင်း ရှိ၊မရှိ စစ်ဆေးပေးဖို့ ကျင့်ဝတ်ကော်မတီဆီ တောင်းဆိုထားပါတယ်။"

"ဒုတိယတိုင်ကြားချက်ကိုတော့ ဖီဖာရဲ့ စီမံအုပ်ချုပ်မှု၊ စာရင်းစစ်နှင့် စည်းမျဉ်းစည်းကမ်းလိုက်နာမှုဆိုင်ရာကော်မတီ(GACC) ဆီ တင်သွင်းပါတယ်။ အဲဒီတိုင်ကြားချက်ထဲမှာ ဖီဖာရဲ့ စီမံအုပ်ချုပ်မှု၊ ဘဏ္ဍာရေးဆိုင်ရာကြီးကြပ်ကွပ်ကဲမှု၊ အဖွဲ့အစည်းအတွင်း ထိန်းကျောင်းမှုတွေနဲ့ ဆုံးဖြတ်ချက်ချမှတ်တဲ့လုပ်ငန်းစဉ်တွေ ရည်ရွယ်ထားသလို အမှန်တကယ် အလုပ်ဖြစ်ခဲ့ရဲ့လားဆိုတာကို မေးခွန်းထုတ်ထားပါတယ်" လို့ ဖော်ပြထားပါတယ်။

အဆိုပါတိုင်ကြားချက်တွေက သီးခြားဖြစ်ရပ်သုံးခုနဲ့ သက်ဆိုင်တယ်လို့ NFF က ပြောကြားခဲ့ပါတယ်။ အဲဒီဖြစ်ရပ်တွေကတော့ ဖီဖာငြိမ်းချမ်းရေးဆု (FIFA Peace Prize)၊ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း အမေရိကန်တိုက်စစ်မှူးဘာလိုဂန်အပေါ် ချမှတ်ထားတဲ့ ပွဲပယ်ပြစ်ဒဏ်ကို ပြန်လည်ရုပ်သိမ်းပေးခဲ့မှုနဲ့ ကမ္ဘာ့ဖလားအပါအဝင် ဖီဖာဦးစီးတဲ့ ပြိုင်ပွဲအရပ်ရပ်ကို ပုဂ္ဂလိကလုပ်ငန်းရှင်တွေဆီ ရှယ်ယာအနည်းစုရောင်းချမယ့် (ယခုဖျက်သိမ်းလိုက်ပြီဖြစ်သော) FIFA Forward Enterprise (FFE) စီမံကိန်းတို့ ဖြစ်ကြပါတယ်။

ဆက်လက်ပြီး နော်ဝေဘောလုံးအဖွဲ့ချုပ်ရဲ့ထုတ်ပြန်ချက်မှာ " ဖီဖာအဖွဲ့အစည်းအတွင်း စီမံအုပ်ချုပ်မှု၊ ပွင့်လင်းမြင်သာမှုနဲ့ လုပ်ပိုင်ခွင့်ခွဲဝေမှုတွေနဲ့ပတ်သက်လို့ NFF က နှစ်ပေါင်းများစွာ မေးခွန်းထုတ်ခဲ့ပါတယ်။ အခုတိုင်ကြားချက်တွေက နိုင်ငံတကာဘောလုံးလောကရဲ့စီမံအုပ်ချုပ်မှုအပေါ် NFF ရဲ့ကတိကဝတ်ပြုမှုကို သဘာဝကျကျဆက်လက် အကောင်အထည်ဖော်မှု ဖြစ်ပါတယ်"

"ရည်ရွယ်ချက်ကတော့ ဒီကိစ္စရပ်တွေကို သက်ဆိုင်ရာအဖွဲ့အစည်းတွေဆီ တရားဝင် တင်ပြဖို့၊ အဲဒါတွေကို စစ်ဆေးဖို့၊ သက်ဆိုင်ရာအထောက်အထားတွေ ရယူဖို့နဲ့ ထွက်ပေါ်လာတဲ့ ကောက်ချက်တွေအတွက် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစေဖို့ပဲ ဖြစ်ပါတယ်" လို့ ဖော်ပြထားပါတယ်။

ကျင့်ဝတ်ကော်မတီဆီ တင်သွင်းတဲ့ တိုင်ကြားချက်ကို ဒီကော်မတီရဲ့ စုံစမ်းစစ်ဆေးရေး ဌာနခွဲက အကဲဖြတ်စစ်ဆေးသွားမယ်လို့ မျှော်လင့်ရပြီး GACC ကိုယ်တိုင်လည်း ဒီကိစ္စရပ်သုံးခုမှ ပေါ်ထွက်လာတဲ့ စီမံအုပ်ချုပ်မှုနဲ့ အဖွဲ့အစည်းဆိုင်ရာပြဿနာတွေကို ပြန်လည်သုံးသပ်ဖို့အတွက် လက်ဝယ်ရှိကြီးကြပ်ရေးအာဏာတွေကို အသုံးပြုပေးသွားရန် တောင်းဆိုထားတယ်လို့ NFF က ဆိုပါတယ်။

လက်ရှိအချိန်အထိတော့ နော်ဝေဘောလုံးအဖွဲ့ချုပ်ရဲ့တိုင်ကြားချက်တွေနဲ့ပတ်သက်လို့ ဖီဖာဘက်က တစုံတရာရှင်းလင်းဖြေကြားလာတာမျိုး မရှိသေးပါဘူး။