အနာဂတ်အတွက် ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းဖို့ သူနဲ့ နည်းပြအဖွဲ့ဝင်တွေ အသင့်ရှိနေကြောင်း ကာရစ် အတည်ပြု
မန်ချက်စတာယူနိုက်တက်နည်းပြ မိုက်ကယ်ကားရစ်က သူ့ကို ဝိုင်းဝန်းကူညီပေးနေတဲ့ နည်းပြအဖွဲ့ဝင်တွေကို ကျေးဇူးတင်ကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက ရူဘင်အမ်မိုရင်မ်ကို ရာထူးကနေ ထုတ်ပယ်ပြီးနောက် ကားရစ် တာဝန်ယူခဲ့ချိန်မှာ ဂျွန်နီအီဗန်၊ ဂျိုနသန်ဝုဒ်ဂိတ်နဲ့ စတိဗ်ဟော်လန်တို့ဟာ နည်းပြအဖွဲ့ဝင်တွေအဖြစ် ရောက်ရှိလာခဲ့တာပါ။
"တစ်ခါတလေကျရင် လူတွေနဲ့ အပေးအယူတည့်ပြီး လက်တွဲလုပ်ကိုင်ရတာ တကယ့်ကို အဆင်ပြေပါတယ်။ ကျွန်တော့်အတွက်ကတော့ ကစားသမားပဲဖြစ်ဖြစ်၊ အသင်းဝန်ထမ်း၊ ပရိသတ် ဒါမှမဟုတ် မိသားစုပဲဖြစ်ဖြစ် လူတွေကပဲ အဓိကပါ။ တစ်ယောက်နဲ့တစ်ယောက်ဆီက အကောင်းဆုံးစွမ်းဆောင်ရည်တွေ ထွက်လာဖို့ဆိုရင် လူအချင်းချင်း ချိတ်ဆက်မိဖို့က တကယ်ကို အရေးကြီးပါတယ်" လို့ သူက ဆိုပါတယ်။
"ကျွန်တော့်ရဲ့ နည်းပြအဖွဲ့ဝင်တွေက ကဏ္ဍအသီးသီးမှာ၊ မတူညီတဲ့ အရည်အချင်းတွေနဲ့ တကယ့်ကို ထိပ်တန်းအဆင့်ရှိသူတွေလို့ ပြောရမှာပါ။ စားပွဲတစ်လုံးစာလောက်ပဲရှိတဲ့ နည်းပြရုံးခန်းလေးထဲမှာ နေ့တိုင်း စုပေါင်းပြီး အလုပ်လုပ်ကြရတာပါ။ အစပိုင်းမှာ အသစ်အဆန်းဖြစ်နေလို့ အားထုတ်မှုတွေ အများကြီး လိုအပ်ခဲ့ပေမဲ့ အားလုံးရဲ့ ကြိုးစားမှုကြောင့် ဇန်နဝါရီမှာ ကျွန်တော်တို့ စုစည်းမိကတည်းက အရာအားလုံးက ကောင်းမွန်တဲ့ အနေအထားမှာ ရှိနေပါတယ်" လို့ သူက ဆက်ပြောပါတယ်။
လာမယ့်ရာသီအတွက် အစီအစဉ်ကို မေးမြန်းရာမှာတော့ ဒီရာသီကုန်တဲ့အထိ ဘာကိုမှ ဆုံးဖြတ်မှာ မဟုတ်ဘူးဆိုတာကို အားလုံးက သိထားပြီးသားလို့ ကားရစ်က ဆိုပါတယ်။
ဒါ့အပြင် သူက "ကျွန်တော်တို့ အဖွဲ့ဝင်တွေကြားမှာ တကယ်ကို ရင်းနှီးပါတယ်။ ဒီတာဝန်အတွက် သီးသန့်စုစည်းထားတာဆိုပေမဲ့ အခြေအနေတွေက ဘယ်လိုရှိတယ်ဆိုတာကို အားလုံး ရှင်းရှင်းလင်းလင်း သိကြပါတယ်။ အမှန်အတိုင်းပြောရရင် ဒါကို အထူးတလည် ဆွေးနွေးနေဖို့တောင် မလိုပါဘူး။ ကျွန်တော်တို့အားလုံးက အမြင်ချင်းတူပါတယ်။ သိလည်း သိထားကြပါတယ်။ အပတ်တိုင်းမှာလည်း ကျွန်တော် ဒီစကားကိုပဲ ထပ်ခါတလဲလဲ ပြောနေတာပါ။ ကျွန်တော်တို့ အဆင်ပြေပါတယ်၊ နည်းပြအဖွဲ့ဝင်တွေအားလုံးကလည်း ဒီအခြေအနေအပေါ်မှာ စိတ်ကျေနပ်မှု ရှိကြပါတယ်" လို့ ရှင်းပြခဲ့ပါတယ်။