ကာရစ်ကို အမြဲတမ်းနည်းပြအဖြစ်မခန့်အပ်ရင် စိတ်ပျက်မိမယ်လို့ ပြောကြားလိုက်တဲ့ ရှရင်ဂမ်
မန်ချက်စတာယူနိုက်တက်နဲ့အတူ ထရက်ဘယ်ဆုဖလား အောင်မြင်မှု ရယူပေးခဲ့တဲ့ တက်ဒီရှရင်ဂမ်က မိုက်ကယ်ကာရစ်ကို အသင်းရဲ့ ရေရှည်နည်းပြအဖြစ် ခန့်အပ်သင့်တယ်လို့ ယူဆနေပါတယ်။
ကာရစ်ဟာ အသင်းကို အဆင့် ၃ အတွင်း ရောက်အောင် ပို့ဆောင်ပေးထားနိုင်ပေမဲ့ သူ့ရဲ့ လက်ရှိစာချုပ်ကတော့ လာမယ့် ဇွန်လမှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။
ရှရင်ဂမ်က talkSPORT နဲ့ အင်တာဗျူးမှာ အခုလို ပြောကြားခဲ့တာပါ။ "မိုက်ကယ်ကာရစ် အသင်းကို ရောက်လာပြီးကတည်းက တကယ်ကို မယုံနိုင်စရာကောင်းတဲ့ အလုပ်တွေကို လုပ်ပြခဲ့တာပါ။
ဒါဟာ မှန်ကန်တဲ့ ချဉ်းကပ်မှုမျိုးရှိပြီး ကစားသမားတွေနဲ့ တစ်သားတည်းဖြစ်အောင် လုပ်ဆောင်နိုင်မယ်ဆိုရင် အရာရာဟာ ဘယ်လောက်တောင် မြန်မြန်ဆန်ဆန် ပြောင်းလဲသွားနိုင်သလဲဆိုတာကို သက်သေပြလိုက်တာပဲ ဖြစ်ပါတယ်။
သူ အသင်းကို ရောက်လာချိန်မှာ ကစားသမားတွေဆီကနေ ကောင်းမွန်တဲ့ တုံ့ပြန်မှုတွေ ရခဲ့သလို အဲဒီကနေတစ်ဆင့် အသင်းက တိုးတက်လာခဲ့တာပါ။ တကယ်လို့သာ မန်ယူအသင်းက မိုက်ကယ်ကာရစ်ကို ဒီရာထူးအတွက် အမြဲတမ်းခန့်အပ်မှု မလုပ်ဘူးဆိုရင် ကျွန်တော် တော်တော်လေး စိတ်ပျက်မိမှာပါ။
သူ တာဝန်ယူခဲ့တဲ့ အချိန်ကစပြီး အခုထိ တကယ်ကို ထူးထူးခြားခြား ကောင်းမွန်အောင် စွမ်းဆောင်ထားနိုင်တယ်လို့ ကျွန်တော် ထင်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။