ဒီလစ်ချ်ရဲ့ ဒဏ်ရာအခြေအနေနဲ့ ပတ်သက်ပြီး သတင်းကောင်းပါးလိုက်တဲ့ ကာရစ်
မန်ချက်စတာယူနိုက်တက် နည်းပြ မိုက်ကယ်ကာရစ်က နောက်ခံလူ မက်သိုက်စ် ဒီလစ်ချ် အနေနဲ့ ခွဲစိတ်မှုခံယူဖို့ မလိုအပ်ဘဲ သက်သာလာလိမ့်မယ်လို့ မျှော်လင့်ရကြောင်း အသိအမှတ်ပြု ပြောကြားခဲ့ပါတယ်။
အသက် ၃၀ အရွယ် နယ်သာလန်နောက်ခံလူ ဒီလစ်ချ်ဟာ ကျောရိုးဒဏ်ရာကြောင့် ပြီးခဲ့တဲ့ ခရစ္စမတ်ကာလ မတိုင်ခင်ကတည်းက အသင်းအတွက် ပါဝင်ကစားပေးနိုင်ခြင်း မရှိတော့တာပါ။
ကာရစ်ရဲ့ ပြောကြားချက်အရ ဒီလစ်ချ်ဟာ ဒီတစ်ပတ်မှာ လေ့ကျင့်ရေးကွင်းထဲကို ပြန်လည်ရောက်ရှိလာပြီ ဖြစ်ပါတယ်။
၎င်းက "မက်သိုက်စ်ရဲ့ အခြေအနေကတော့ သူ ကြံ့ခိုင်မှု ပြန်ပြည့်ဝလာဖို့အတွက် ကြိုးစားနေပါတယ်။ အခု လေ့ကျင့်ရေးကွင်းထဲမှာ နည်းနည်းချင်း ပြန်လည်လေ့ကျင့်နေပြီ ဖြစ်တဲ့အတွက် ဒါဟာ တိုးတက်မှုတစ်ခုပါပဲ၊ ဒါပေမဲ့ ဒီထက်ပိုပြီး အသေးစိတ် ပြောဖို့တော့ မရှိသေးပါဘူး" လို့ အတည်ပြု ပြောကြားခဲ့ပါတယ်။
"ဒါက ဒဏ်ရာအမျိုးအစားတစ်ခုဖြစ်ပြီး သူကတော့ ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းတွေ လုပ်နေသလို ကြံ့ခိုင်မှု ပြန်ရဖို့လည်း ကြိုးစားနေပါတယ်။ ဒါကြောင့် သူ့ကို အမြန်ဆုံး ပြန်မြင်တွေ့ရဖို့ ကျွန်တော်တို့ မျှော်လင့်နေပါတယ်။ လက်ရှိမှာတော့ ဒီလောက်ပဲ ထပ်ဖြည့်ပြောနိုင်ပါသေးတယ်" လို့ ဆိုပါတယ်။
ခွဲစိတ်မှုကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း ကာရစ်က "သူ အခု လေ့ကျင့်ရေးကွင်းထဲ ပြန်ရောက်နေပြီ၊ လောလောဆယ်မှာတော့ အနည်းအကျဉ်းပဲ လေ့ကျင့်နိုင်ဦးမှာ ဖြစ်ပေမဲ့ သူကတော့ ကြံ့ခိုင်မှု ပြည့်ဝလာအောင် ကြိုးစားနေပါတယ်။ ဒါဟာ အလားအလာကောင်းတစ်ခုဖြစ်သလို အခြေအနေတွေ အခုအတိုင်းပဲ ဆက်လက်တိုးတက်သွားဖို့ ကျွန်တော်တို့အားလုံး မျှော်လင့်နေပါတယ်" လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။