ပရီးမီးယားလိဂ် ဂိုးဖန်တီးမှုစံချိန်သစ်ရရှိနိုင်တဲ့အခြေအနေအပေါ် သူ့ရဲ့ခံစားချက်ကို ဖွင့်ဟလာတဲ့ ဖာနန်ဒက်စ်
မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်က ပရီမီယံလိဂ်ရဲ့ ဂိုးဖန်တီးမှုစံချိန်သစ်ကို ချိုးဖျက်နိုင်မယ့် အခြေအနေနဲ့ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ပြောကြားလာပါတယ်။
ဒီပေါ်တူဂီကွင်းလယ်လူဟာ ပရီးမီးယားလိဂ်ရဲ့ တစ်ရာသီအတွင်း ဂိုးဖန်တီးမှု အကြိမ် ၂၀ အထိ ပြုလုပ်နိုင်ခဲ့တဲ့ တတိယမြောက်ကစားသမား ဖြစ်လာခဲ့ပါပြီ။ အာဆင်နယ်ဂန္ထဝင် သီယာရီဟင်နရီ (၂၀၀၂/၀၃ ရာသီ) နဲ့ မန်စီးတီးကြယ်ပွင့် ကီဗင်ဒီဘရိုင်းနား (၂၀၁၉/၂၀ ရာသီ) တို့လို ထိပ်တန်းကစားသမားအနည်းစုသာ ပါဝင်တဲ့ အုပ်စုထဲကို သူလည်း ဝင်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
မကြာသေးခင်ကမှ ယူနိုက်တက်ရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုနဲ့ FWA အကောင်းဆုံးဘောလုံးသမားဆုတွေကို ရရှိခဲ့တဲ့ ဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က နော့တမ်ဖောရက်စ်ကို ၃-၂ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ဘရိုင်ယန် အမ်ဘီယူမို ဂိုးသွင်းယူနိုင်အောင် ဖန်တီးပေးခဲ့ပြီးနောက် ၂၀ ကြိမ်မြောက် ဂိုးဖန်တီးမှုကို ရယူနိုင်ခဲ့တာပါ။
အခုဆိုရင် သူဟာ သမိုင်းသစ်တင်ဖို့အတွက် ဂိုးဖန်တီးမှု တစ်ကြိမ်ပဲ လိုပါတော့တယ်။ လာမယ့် တနင်္ဂနွေနေ့ ညနေပိုင်းမှာ ဘရိုက်တန်အသင်းနဲ့ ကစားရမယ့် နောက်ဆုံးပွဲစဉ် တစ်ပွဲပဲ ကျန်ပါတော့တယ်။
အကြိမ် ၂၀ ပြည့်အောင် ဖန်တီးနိုင်ခဲ့ပြီးနောက်မှာတော့ ဖာနန်ဒက်စ်က စံချိန်ကို လိုက်မီခဲ့တဲ့အတွက် ဝမ်းသာကြောင်းနဲ့ အခုချိန်မှာ ရာသီကို ပြုံးပြုံးရွှင်ရွှင်နဲ့ အဆုံးသတ်နိုင်ပြီဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။
"ကျွန်တော် တကယ်ဂုဏ်ယူမိပါတယ်။ ကျွန်တော်တို့ပြောနေတာက ပရီးမီးယားလိဂ်ရဲ့ နာမည်ကျော်ကစားသမားကြီးတွေဖြစ်တဲ့ သီယာရီနဲ့ ကီဗင်တို့အကြောင်းပါ၊ သူတို့နဲ့တန်းတူ အခုလိုမျိုး လုပ်နိုင်ခဲ့တဲ့အတွက် ကျွန်တော် အရမ်းကျေးဇူးတင်သလို အရမ်းလည်း ပျော်ရပါတယ်။ ဒါဟာ တကယ်ကို ဂုဏ်ယူစရာကောင်းတဲ့ အချိန်ပါပဲ" လို့ သူက ဆိုပါတယ်။
"စံချိန်သစ်တင်နိုင်ဖို့ မျှော်လင့်ပါတယ်။ ဒါပေမဲ့ တကယ်လို့ မဖြစ်လာခဲ့ရင်တောင် ကျွန်တော်ကတော့ ပျော်နေမှာပါ။ ဘာလို့လဲဆိုတော့ ပရီးမီးယားလိဂ်မှာ အရင်က ဂိုးဖန်တီးမှု အကြိမ် ၂၀ မပြောနဲ့ ၁၉ ကြိမ်တောင် တစ်ခါမှ မလုပ်ဖူးခဲ့လို့ပါ။ ဒါကြောင့် ၁၉ ကြိမ်နဲ့ ရပ်တန့်သွားခဲ့ရင်တောင် ကျွန်တော် အရမ်းကျေးဇူးတင်မိမှာပါ"
"အကြိမ် ၂၀ ပြည့်သွားလို့ စိတ်အေးသွားတာမျိုးထက် အရမ်းကို ဝမ်းသာဂုဏ်ယူမိတာပါ။ အမှန်အတိုင်းပြောရရင် စံချိန်နဲ့ နီးစပ်လာတဲ့အချိန်မှာ အဲဒီအကြောင်းကိုပဲ တော်တော်လေး တွေးဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ကောင်းတဲ့အချက်ကတော့ အဲဒါကြောင့် ကျွန်တော့်ရဲ့ ကစားဟန်က ပြောင်းလဲမသွားတာပါပဲ။ ကျွန်တော့်ရဲ့တာဝန်က အသင်းဖော်တွေ ဂိုးသွင်းနိုင်အောင် ကူညီပေးဖို့ပဲ ဖြစ်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။
ဖာနန်ဒက်စ်ရဲ့ ဂိုးဖန်တီးမှုတွေကြောင့် ဒီရာသီမှာ မန်ချက်စတာယူနိုက်တက်ဟာ ရမှတ် ၂၁ မှတ်အထိ ရရှိခဲ့တာဖြစ်ပြီး လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အဆင့် ၃ နေရာမှာ ရပ်တည်နိုင်ဖို့ သူက ဆက်လက်ကူညီပေးသွားဦးမှာ ဖြစ်ပါတယ်။