The network connection is lost.

Banner Image

ပေါင် ၁၀၅ သန်းတန် အာဆင်နယ်ကြယ်ပွင့်က ယူနိုက်တက်အတွက် "ပြီးပြည့်စုံတဲ့သူ" ဖြစ်လိမ့်မယ်လို့ ဘရူနိုဖာနန်ဒက်စ် ပြောကြား

အာဆင်နယ်ကွင်းလယ်လူ ဒီကလန်ရိုက်စ်ကို မန်ချက်စတာယူနိုက်တက်ဆီ ရောက်လာစေချင်ခဲ့တယ်လို့ ဘရူနိုဖာနန်ဒက်စ်က ဝန်ခံပြောကြားလိုက်ပါတယ်။ ဖာနန်ဒက်စ်ဟာ PFA ဘောလုံးကလောင်ရှင်များအဖွဲ့ရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ရရှိထားသလို၊ ပရီးမီးယားလိဂ်ရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုအတွက်လည်း ဆန်ခါတင်စာရင်းမှာ ပါဝင်နေသူ ဖြစ်ပါတယ်။ အသက် ၃၁ နှစ်အရွယ် သူဟာ အခုရာသီ မန်ချက်စတာယူနိုက်တက်မှာ တစ်ဦးချင်းခြေစွမ်းပိုင်း အထူးကောင်းမွန်နေပါတယ်။ သီယာရီအွန်နရီနဲ့ ကယ်ဗင်ဒီဘရိုင်းတို့ ပိုင်ဆိုင်ထားတဲ့ တစ်ရာသီအတွင်း ဂိုးဖန်တီးမှု ၂၁ ကြိမ်ဆိုတဲ့ ပရီးမီးယားလိဂ်စံချိန်ကို ချိုးဖျက်နိုင်ဖို့ ဂိုးဖန်တီးမှု ၁ ကြိမ်ပဲ လိုပါတော့တယ်။

ပေါ်တူဂီကွင်းလယ်ဖန်တီးရှင်ဟာ အံ့အားသင့်စရာကောင်းတဲ့ ဖန်တီးမှုတွေအပြင် ကိုယ်တိုင်လည်း ၈ ဂိုး သွင်းယူထားနိုင်တာကြောင့် အခုရာသီ ပရီးမီးယားလိဂ်မှာ ဂိုးပါဝင်ပတ်သက်မှု ၂၉ ကြိမ်အထိ ရှိထားတာပါ။ ဒါဟာ တစ်ဦးချင်းဆုတွေအားလုံး ရထိုက်တဲ့ ကမ္ဘာ့အဆင့်မီ စွမ်းဆောင်ရည်မျိုးဖြစ်ပြီး အကယ်၍သာ ရိုက်စ်နဲ့အတူ တွဲကစားခွင့်ရခဲ့မယ်ဆိုရင် ယူနိုက်တက်ရဲ့ ကျောနံပါတ် ၈ ဟာ ဒီထက်ပိုတဲ့ ဂိုးတွေကို သေချာပေါက် သွင်းယူနိုင်မှာ ဖြစ်ပါတယ်။

ဂျိုးဘားယားနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဘရူနိုက "ကျွန်တော် အမြဲပြောဖူးပါတယ်၊ ရိုက်စ်က မန်ယူမှာ ကစားရမယ့်သူမျိုးပါ၊ သူ အာဆင်နယ်ကို ပြောင်းဖို့ ရွေးချယ်လိုက်တုန်းက ကျွန်တော် တကယ်ကို စိတ်မကောင်းဖြစ်ခဲ့ရတယ်၊ သူဟာ ကျွန်တော်တို့အသင်းအတွက် အကိုက်ညီဆုံးလူ ဖြစ်လိမ့်မယ်လို့ အမြဲတမ်း တွေးခဲ့တာပါ" လို့ ပြောပါတယ်။ ၂၀၂၃ ခုနှစ်တုန်းက ရိုက်စ်တစ်ယောက် ဝက်စ်ဟမ်းကနေ အာဆင်နယ်ကို ပေါင် ၁၀၅ သန်းနဲ့ ပြောင်းရွှေ့သွားတဲ့အပေါ် သူက စိတ်မကောင်းဖြစ်ရသလို၊ ရိုက်စ်သာ မန်ယူကို ရောက်လာရင် အသင်းနဲ့ အံဝင်ခွင်ကျဖြစ်မှာလို့လည်း ဝန်ခံခဲ့ပါတယ်။ ရိုက်စ်ကို ခေါ်ယူဖို့ အိုလီဂန်နာဆိုးရှား လက်ထက် ၂၀၂၁ ခုနှစ်တုန်းကလည်း ယူနိုက်တက်က စိတ်ဝင်စားခဲ့ဖူးပြီး သူ့ကိုခေါ်ယူနိုင်ဖို့ ဆွေးနွေးမှုတွေ ရှိခဲ့တယ်လို့ နည်းပြဟောင်း ဆိုးရှားကိုယ်တိုင် ဝန်ခံထားဖူးပါတယ်။ နောက်ဆုံးမှာတော့ ဒီအပြောင်းအရွှေ့က ဖြစ်မလာခဲ့ဘဲ ယူနိုက်တက်ဟာ ရာဖေးလ်ဗာရန်းကိုပဲ အစားထိုး ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။