The network connection is lost.

Banner Image

အန်းစလော့အပေါ် လီဗာပူးပရိသတ်တွေရဲ့ယုံကြည်မှု လျော့နည်းကျဆင်းလာပြီလို့ ပီတာခရော့ချ်သုံးသပ်

လီဗာပူးကစားသမားဟောင်းပီတာခရော့ချ်က ပရိသတ်အများစုရဲ့အားပေးထောက်ခံမှုကို အန်းစလော့ ဆုံးရှုံးနေပြီလို့ အရိပ်အမြွက်ပြောကြားခဲ့ပါတယ်။

နောက်ဆုံးခြောက်ပွဲဆက်ရှုံးနိမ့်ထားတဲ့ ချဲလ်ဆီးကို အန်ဖီးလ်ကွင်းမှာ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့တဲ့ ရလဒ်အပြင် ရီယိုအန်ဂူမိုဟာကို လူစားလဲလှယ်မှုအတွက်လည်း လီဗာပူးပရိသတ်တွေက အန်းစလော့ကို ပေါက်ကွဲနေကြပါတယ်။

ပရီးမီးယားလိဂ်ချန်ပီယံတွေက အခုရာသီ၊ ပြိုင်ပွဲစုံ ၁၈ ပွဲအထိ ရှုံးနိမ့်ကာ ဆိုးရွားတဲ့အခြေအနေနဲ့ ရင်ဆိုင်နေရပြီး လာမယ့်ရာသီ၊ ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့်ရရှိဖို့ ကြိုးပမ်းနေပါတယ်။

ပရိသတ်တွေကတော့ အွန်လိုင်းပေါ်မှာတင်မကဘဲ အခုဆိုရင် အန်ဖီးလ်ကွင်းတွင်းမှာပါ သူတို့ရဲ့ မကျေနပ်ချက်တွေကို အော်ဟစ်ဆန္ဒပြလာကြပါတယ်။ ပရိသတ်တွေရဲ့လှောင်ပြောင်သံတွေ ငြိမ်သက်သွားပြီးနောက် ပီတာခရော့ချ်က အန်းစလော့ရဲ့အခန်းကဏ္ဍနဲ့ပတ်သက်လို့ အသင်းဘုတ်အဖွဲ့ဝင်တွေ ဆွေးနွေးလာနိုင်တယ်လို့ ပြောပါတယ်။

"ပရိသတ်တွေရဲ့ထောက်ခံမှုဆုံးရှုံးနေတယ်ဆိုတာ တကယ်ရှိနေတဲ့ အချက်တစ်ခုပါ။ လောလောဆယ်မှာတော့ နည်းပြနဲ့ပတ်သက်ပြီး မငြိမ်မသက်မှုလေးတွေ ရှိနေပါတယ်"

"တစ်ခါတလေ ကျွန်တော်စဉ်းစားမိတာက ယာဂန်ကလော့ပ်လက်ထက်မှာ အရာအားလုံး အရမ်းကောင်းခဲ့လို့ ဒါကို ခေတ္တလောက် ဘေးဖယ်ထားဖို့ လိုပါတယ်။ ကလော့ပ်ဆိုတာ အစားထိုးလို့မရတဲ့သူပါ။ သူကစားတဲ့ ပုံစံကလည်း အရမ်းစိတ်လှုပ်ရှားဖို့ကောင်းသလို တိုက်စစ်ကိုလည်း အရှိန်အဟုန်ပြင်းပြင်းကစားပါတယ်။ အဲဒီအဆင့်အတန်းကို မှီဖို့ဆိုတာ တကယ်ကို ခက်ခဲပါတယ်"

"ကံမကောင်းစွာနဲ့ဘဲ အခုကစားကွက်တွေရော၊ ကစားသမားသစ်ခေါ်ယူမှုတွေရော အရင်ရာသီတွေရဲ့ အဆင့်အတန်းမျိုး ရှိရဲ့လားဆိုတာ မေးခွန်းထုတ်စရာပါ။ သေချာတာကတော့ အရင်လို မကောင်းတော့လို့ ပရိသတ်တွေ စိတ်ပျက်နေကြတာ ဖြစ်ပါတယ်"

"ဒီကွင်းတွင်းမှာရှိတဲ့ ပရိသတ်တွေက ဘောလုံးအကြောင်း ကောင်းကောင်းနားလည်ကြပါတယ်။ ငါတို့သွားချင်တဲ့ လမ်းကြောင်းက ဒါမျိုးလားဆိုတာ သူတို့ သိနေကြတယ်လို့ ကျွန်တော်ထင်ပါတယ်"

"ဒါကြောင့်လည်း လာမယ့်နွေရာသီမှာ အာနယ်ဆလော့ကိုပဲ ဆက်ပြီး အပြည့်အဝထောက်ခံသွားမလား ဒါမှမဟုတ် တခြားလမ်းကြောင်းတစ်ခုဆီ ပြောင်းမလားဆိုတာ သေချာပေါက်ဆွေးနွေးရပါလိမ့်မယ်။ ဒါတွေကတော့ အသင်းအကြီးအကဲတွေဖြေရှင်းရမယ့် မေးခွန်းတွေပဲ ဖြစ်ပါတယ်"လို့ ပီတာခရော့ချ်က ပြောပါတယ်။

လီဗာပူးအသင်းက ပရီးမီးယားလိဂ်အမှတ်ပေးဇယားစတုတ္ထနေရာမှာ ရှိနေပေမဲ့ အက်စတွန်ဗီလာ၊ ဘုန်းမောက်နဲ့ ဘရိုက်တန်တို့ရဲ့အနီးကပ်ဖိအားပေးမှုနဲ့ ရင်ဆိုင်နေရပါတယ်။