ယန်ဒီအိုမန်ဒီအတွက် ပေါင် ၈၇ သန်းတန်ကမ်းလှမ်းမှုပြုလုပ်ဖို့ ပြင်ဆင်နေတဲ့ လီဗာပူး
လီဗာပူးအသင်းက မိုဆာလက်နေရာမှာ အစားထိုးဖို့အတွက် ယန်ဒီအိုမန်ဒီကို ထိပ်တန်းပစ်မှတ်အဖြစ် သတ်မှတ်ထားပါတယ်။
အသက် ၁၉ နှစ်အရွယ်ဒီအိုမန်ဒီက ပြီးခဲ့တဲ့ရာသီ၊ လိုက်ပ်ဇစ်အသင်းအတွက် ၃၆ ပွဲကစား၊ ၁၃ ဂိုးသွင်းကာ ဂိုးဖန်တီးမှုကိုးကြိမ် ပြုလုပ်နိုင်ခဲ့ပြီး အထင်ကြီးစရာခြေစွမ်းမျိုး ပြသနိုင်ခဲ့ပါတယ်။ လိုက်ပ်ဇစ်အသင်းဘက်ကလည်း ဒီနွေရာသီမှာ လူငယ်ကြယ်ပွင့်ကစားသမားကို ရောင်းထုတ်ဖို့ လမ်းဖွင့်ထားပါတယ်။
ဒီလူငယ်ကစားသမားလေးက ပြီးခဲ့တဲ့နှစ်နွေရာသီ၊ လီဂါနက်စ်အသင်းမှ ပေါင် ၁၇ သန်းဖြင့် ဂျာမန်ကလပ်ဆီ ပြောင်းရွှေ့လာခဲ့ပေမဲ့ အခု လီဗာပူးရဲ့ချဉ်းကပ်မှုရှိလာချိန်မှာပဲ နောက်တစ်ကြိမ်အသင်းပြောင်းရွှေ့ရမယ့် အလားအလာနဲ့ ရင်ဆိုင်နေရပါတယ်။
The Athletic သတင်းထောက်ဒေးဗစ်အော်စတိန်းကတော့ ဒီယိုမန်ဒီကို လီဗာပူးအသင်းရဲ့ "ထိပ်တန်းပစ်မှတ်" တစ်ခုအဖြစ် ဖော်ပြခဲ့ပြီး၊ အရည်အချင်းရှိတဲ့ ဒီတောင်ပံကစားသမားကို ခေါ်ယူနိုင်ဖို့အတွက် ပြောင်းရွှေ့ကြေး ပေါင် ၈၇ သန်းအထိ သုံးစွဲရန်သတ်မှတ်ထားတယ်လို့လည်း သတင်းတွေမှာ ဖော်ပြလာပါတယ်။
ဒီအိုမန်ဒီဟာ လိုက်ပ်ဇစ်နဲ့ ၂၀၃၀ ပြည့်နှစ်၊ ဇွန်လအထိ စာချုပ်သက်တမ်းရှိနေပေမဲ့ ငွေကြေးပမာဏများစွာနဲ့ အသင်းကြီးတစ်ခုဆီ ပြောင်းရွှေ့ဖို့ဆိုတာ သူ့ရဲ့ ရည်မှန်းချက်ဖြစ်တယ်လို့ ဝန်ခံထားပါတယ်။
"လူတွေက ခင်ဗျားကို ချဲလ်ဆီး ဒါမှမဟုတ် ရီးရဲလ်မက်ဒရစ်လို အသင်းကြီးတွေဆီ သွားပြီး အလုပ်လုပ်ရမယ်လို့ ပြောကြတာမျိုးကို မြင်ယောင်ကြည့်ပါ... အဲဒါက ခင်ဗျားကို ပျော်ရွှင်စေပြီး ပိုကြိုးစားချင်စိတ်တွေ ဖြစ်ပေါ်စေပါလိမ့်မယ်။ ကျွန်တော်ကတော့ ကွင်းထဲမှာ ဘောလုံးကစားဖို့ကို အဓိကအာရုံစိုက်ထားလို့ ဒါကို အများကြီးမတွေးထားပါဘူး။ ဒါကပဲ အရာအားလုံးကို ဖြေရှင်းပေးသွားပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော့်အကြောင်း လူတွေပြောနေကြတာကို မြင်ရတာက ကျွန်တော့်အတွက် ခွန်အားတွေ အများကြီးဖြစ်စေပါတယ်" လို့ ဒီအိုမန်ဒီက အခုလအစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။
လိုက်ပ်ဇစ်ဥက္ကဋ္ဌနဲ့ Red Bull ရဲ့အကြီးအကဲဖြစ်သူအိုလီဗာမင့်ဇလက်ဖ်ကတော့ ဒီတောင်ပံကစားသမားကို ဆက်ထိန်းထားချင်တယ်လို့ သိရပေမဲ့ မိုဆာလက်ရဲ့နေရာအစားဖို့ စိတ်ဝင်စားနေတဲ့ လီဗာပူးဆီမှ ပေါင်သန်း ၈၀ ကျော်တန်ကမ်းလှမ်းမှုကို ရရှိမယ်ဆိုရင် အပြောင်းအရွှေ့အတွက် စဉ်းစားလာနိုင်ပါတယ်။