The network connection is lost.

Banner Image

နည်းပြဘဝကနေ အနားယူပြီးရင်တောင် ဂွါဒီယိုလာတစ်ယောက် မန်စီးတီးမှာပဲ ဆက်ရှိနေလိမ့်မယ်လို့ယုံကြည်ကြောင်း ပြောကြားလာတဲ့ ဂျိုးဟတ်

မန်စီးတီးအသင်းရဲ့ ဂိုးသမားဟောင်း ဂျိုးဟတ်ကတော့ လက်ရှိနည်းပြ ပက်ဂွါဒီယိုလာဟာ စာချုပ်သက်တမ်းအတိုင်း အသင်းမှာ ဆက်ရှိနေမှာဖြစ်သလို၊ နည်းပြအလုပ်ကနေ အနားယူသွားရင်တောင် အသင်းရဲ့ ဒါရိုက်တာတစ်ဦးအနေနဲ့ ဆက်ရှိနေနိုင်တယ်လို့ မြင်နေပါတယ်။

ဂွါဒီယိုလာရဲ့ မန်စီးတီးနဲ့ချုပ်ဆိုထားတဲ့ လက်ရှိစာချုပ်ဟာ ၂၀၂၇ ခုနှစ်အထိ ရှိနေတာဖြစ်ပေမဲ့ သူ့အနေနဲ့ ဒီရာသီကုန်မှာပဲ အသင်းကနေ ထွက်ခွာတော့မယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေတာပါ။

ဒါပေမဲ့ ဂျိုးဟတ်က Manchester Evening News ကို ပြောကြားရာမှာတော့ “ကျွန်တော် အသေအချာတော့ မသိဘူး၊ ဒါပေမဲ့ သူ မန်စီးတီးကနေ ထွက်ခွာဖြစ်ခဲ့ရင်တောင် တခြားတစ်နေရာကို ပြောင်းရွှေ့သွားမယ်လို့တော့ မထင်ပါဘူး” လို့ ဆိုပါတယ်။

“သူက ဒီကလပ်အသင်းနဲ့ တော်တော်လေး ရင်းနှီးကျွမ်းဝင်နေသလို အသင်းကိုလည်း တကယ်ချစ်မြတ်နိုးတာပါ။ အသင်းကလည်း သူ့ကို အဲဒီလိုပဲ ချစ်ပါတယ်။ ဒါကြောင့် ဘယ်လိုဆုံးဖြတ်ချက်ပဲ ချမှတ်ပါစေ၊ ဒါဟာ နှစ်ဦးနှစ်ဖက် သဘောတူညီတဲ့ ဆုံးဖြတ်ချက်ပဲ ဖြစ်ပါလိမ့်မယ်။ သူက စာချုပ်သက်တမ်းအတိုင်း ဆက်နေမှာလား၊ ဘာဖြစ်မှာလဲ ဆိုတာကိုတော့ ကျွန်တော် သေချာမသိပါဘူး၊ ဒါပေမဲ့ အခုအချိန်မှာ အသင်းက အလေးထားနေတာက ပရီးမီးယားလိဂ်၊ အက်ဖ်အေဖလား၊ ကာရာဘောင်းဖလားနဲ့ ချန်ပီယံလိဂ် စတဲ့ ဖလားတွေကို ရယူနိုင်ဖို့ပဲ ဖြစ်ပါတယ်” လို့ ဂျိုးဟတ်က ပြောပါတယ်။

ဂွါဒီယိုလာရဲ့ စာချုပ်ကိစ္စနဲ့ ပတ်သက်ပြီး ဂျိုးဟတ်က ဆက်လက်ပြီး “အခုအချိန်မှာ စာချုပ်ကိစ္စတွေထက် ပိုပြီး အာရုံစိုက် စဉ်းစားစရာတွေ ရှိနေတာမို့လို့ သူကို မေးရင်လည်း ဒီအတိုင်းပဲ ဖြေမှာပါ။ ဒါဟာလည်း အမှန်တရားပါပဲ၊ ဒီလို အရေးကြီးတဲ့ အချိန်မျိုးမှာ ကိုယ့်အကြောင်းကိုယ်ပဲ စဉ်းစားနေလို့ မရပါဘူး။ ကျွန်တော်တို့က အခု ပြိုင်ဆိုင်မှုတွေ ပြင်းထန်နေတဲ့ အလယ်မှာ ရောက်နေတာလေ။ ချန်ပီယံဆုအတွက် အပြင်းအထန် တိုက်ပွဲဝင်နေရတာဆိုတော့ ဒီအတိုင်းပဲ ရှေ့ဆက်သွားချင်ကြမှာပါ။ စာချုပ်ကိစ္စတွေကတော့ နွေရာသီကျမှပဲ ဆွေးနွေးကြလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။