နိုအာလန်း ဒဏ်ရာရရှိမှုအတွက် တရားစွဲဆိုဖို့ ဂါလာတာစာရေးအသင်း ပြင်ဆင်နေ
လီဗာပူးကို ၄-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ အန်ဖီးလ်ကွင်းချန်ပီယံလိဂ်ပွဲစဉ်အတွင်း တောင်ပံကစားသမားနိုအာလန်းရဲ့လက်မမှာ ပြင်းထန်တဲ့ဒဏ်ရာ ရရှိခဲ့ပြီး အဲဒီဒဏ်ရာအတွက် နစ်နာကြေးရရှိရေးအတွက် ဂါလာတာစာရေးအသင်းက တရားစွဲဆိုဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
အသက် ၂၆ နှစ်အရွယ် ဒတ်ချ်တိုက်စစ်မှူးက ပွဲကစားချိန် ၇၆ မိနစ်မှာ ကွင်းဘေးရှိ ကြော်ငြာဘုတ်နဲ့တိုက်မိပြီး လက်မပြတ်ရှဒဏ်ရာရရှိခဲ့ကာ ဒဏ်ရာကို ကိုင်ထားရင်း နာကျင်စွာနဲ့ ကွင်အတွင်း လဲကျသွားခဲ့ပါတယ်။
ဆေးအဖွဲ့တွေ ကွင်းတွင်းအပြေးအလွှား ရောက်လာချိန် လီဗာပူးဂိုးသမားအလီဆင်နဲ့ နောက်ခံလူဗန်ဒိုက်တို့က နိုအာလန်းကို လာရောက်နှစ်သိမ့်ပေးခဲ့ကြပါတယ်။
ဒီဖြစ်စဉ်ကြောင့် နိုအာလန်းကို အောက်ဆီဂျင်ပေးခဲ့ရပြီး ထမ်းစင်ဖြင့် ကွင်းပြင်ဆီ သယ်ထုတ်သွားခဲ့ရပါတယ်။
ဂါလာတာစာရေးအသင်းအထွေထွေအတွင်းရေးမှူးအီရေးယက်ဇ်ဂါကက အခုလို တရားစွဲဆိုမယ့် အစီအစဉ်ကို အတည်ပြုခဲ့ပြီး "ကျွန်တော်တို့ ပွဲအပြီးမှာ ယူအီးအက်ဖ်အေ (UEFA) တာဝန်ရှိသူတွေဆီ တိုင်ကြားစာ ပို့ထားပါတယ်။ သူတို့ဘက်ကလည်း စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပါတယ်။ ယူအီးအက်ဖ်အေက ဒီကိစ္စကို ပြန်လည်သုံးသပ်ပါလိမ့်မယ်။ အခုလောလောဆယ်မှာတော့ ရှေ့နေတွေနဲ့ ဆွေးနွေးနေပြီး ယူအီးအက်ဖ်အေဆီက နစ်နာကြေးရရှိဖို့ တရားစွဲဆိုသွားပါမယ်။ ကစားသမားရဲ့လစာပေးချေမှုအပိုင်းနဲ့ပတ်သက်ပြီး ကျွန်တော်တို့ရဲ့ နစ်နာမှုတွေကို ဖြေရှင်းပေးဖို့ တောင်းဆိုသွားပါမယ်" လို့ ပြောကြားခဲ့ပါတယ်။
ဒီဖြစ်ရပ်အပြီးမှာတော့ နိုအာလန်းက ဒဏ်ရာရသွားတဲ့ လက်မကို ပြန်လည်ကုသဖို့အတွက် ခွဲစိတ်မှု ခံယူခဲ့ပါတယ်။