လီဗာပူးကို အနိုင်ရခဲ့ပေမယ့် ကွင်းလယ်ဒိုင်ရဲ့ အငြင်းပွားဖွယ် ဆုံးဖြတ်ချက်အပေါ် ဂွါဒီယိုလာ ပေါက်ကွဲ
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အန်ဖီးလ်ကွင်းမှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်စီးတီးအသင်းဟာ လီဗာပူးအသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပေမဲ့ နည်းပြ ပက် ဂွါဒီယိုလာကတော့ ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်အပေါ် အလိုမကျဖြစ်နေပါတယ်။
ဒီပွဲစဉ်မှာ တိုက်စစ်မှူး အာလင်း ဟာလန်းက အန်ဖီးလ်ကွင်းမှာ သူရဲ့ ပထမဆုံးသွင်းဂိုးကို ရယူပြီး ဧည့်သည် မန်စီးတီးအသင်းအတွက် အဖိုးတန် ၃ မှတ်ကို ဖော်ဆောင်ပေးခဲ့တာပါ။
ဒါပေမဲ့ ပွဲအပြီး နောက်ဆုံးမိနစ် အကြိတ်အနယ် ဖြစ်နေချိန်မှာ ရိုင်ယန် ချာကီ သွင်းယူခဲ့တဲ့ ဂိုးသာ ခွင့်ပြုခဲ့မယ်ဆိုရင် မန်စီးတီးအသင်းဟာ ၃-၁ ဂိုးဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိမှာ ဖြစ်ပါတယ်။
ပွဲပြီးခါနီးမှာ လီဗာပူးအသင်းက ချေပဂိုးရဖို့အတွက် အစွမ်းကုန် ကြိုးစားခဲ့ပြီး ဂိုးသမား အလီဆန်ကပါ တိုက်စစ်ဆင်ဖို့ တက်ရောက်လာခဲ့တာကြောင့် ဂိုးပေါက် လွတ်နေခဲ့တာ ဖြစ်ပါတယ်။
ဒီအချိန်မှာ ရိုင်ယန် ချာကီက ကွင်းလယ်လောက်မှာတင် ဘောလုံးရရှိသွားပြီး လီဗာပူးအသင်းရဲ့ ဂိုးပေါက်ထဲကို ကန်သွင်းယူခဲ့တာပါ။
ဒါပေမဲ့ အဲဒီအချိန်မှာ ဟာလန်းနဲ့ ဒိုမီနစ် ဆိုဘိုဆလိုင်းတို့ဟာ ဘောလုံးနောက်ကို ပြိုင်တူပြေးရင်း တစ်ဦးနဲ့တစ်ဦး တစ်ယောက်တစ်လှည့်စီ ဆွဲထားခဲ့ကြပါတယ်။
ဒီဖြစ်ရပ်ကြောင့် လီဗာပူးကစားသမား ဆိုဘိုဆလိုင်းဟာ ပြစ်ဒဏ်ဘောကြောင့် အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရသလို၊ ရိုင်ယန် ချာကီရဲ့ သွင်းဂိုးဟာလည်း ဒိုင်လူကြီးရဲ့ ပယ်ဖျက်ခြင်းကို ခံခဲ့ရပါတယ်။
ပွဲအပြီးမှာတော့ မန်စီးတီးနည်းပြ ပက် ဂွါဒီယိုလာက ဘီဘီစီရဲ့ Match of the Day အစီအစဉ်မှာ အဆိုပါ နောက်ဆုံးမိနစ်ဖြစ်ရပ်နဲ့ ပတ်သက်ပြီး ထိထိမိမိ မှတ်ချက်ပေးခဲ့ပါတယ်။
"ဒိုင်လူကြီးရေ... ဒါကို ဂိုးအဖြစ် ပေးလိုက်ပြီး အိမ်ပြန်လို့မရဘူးလားဗျာ" လို့ ဂွါဒီယိုလာက တိုတိုတုတ်တုတ်နဲ့ ရဲ့ရဲ့တင်းတင်း ပြောကြားခဲ့ပါတယ်။
သတင်းစာရှင်းလင်းပွဲမှာတော့ ဂွါဒီယိုလာက အဆိုပါကိစ္စကို ထပ်မံ ရှင်းလင်းခဲ့ပြီး "ဒါဟာ သာမန်အသိစိတ်နဲ့ စဉ်းစားရင် သိနိုင်တဲ့ ကိစ္စပါ။ သူက ဟာလန်းကို ဆွဲခဲ့တယ်ဆိုတာ ကျွန်တော် သိပါတယ်" လို့ ဆိုပါတယ်။
"ဒါပေမဲ့ ဒီနိုင်ငံ၊ ဒီလိဂ်က ပွဲစဉ်တွေမှာ တစ်ဦးကိုတစ်ဦး ဆွဲတာတွေ ဘယ်လောက်တောင် များနေပြီလဲ။ ဒါကို ဒိုင်လူကြီးတွေက ပွဲဆက်ကစားခိုင်းလေ့ ရှိကြတာပဲ မဟုတ်လား" လို့ သူက မေးခွန်းထုတ်ခဲ့ပါတယ်။
"ဒီဂိုးကိုသာ ပေးလိုက်မယ်ဆိုရင် ရလဒ်က ၃-၁ ဖြစ်သွားမယ်၊ ဆိုဘိုစလိုင်းလည်း ဆက်ကစားခွင့်ရမယ်၊ ကျွန်တော်တို့အားလုံးလည်း ပျော်ရွှင်ရမှာပါ" လို့ ဂွါဒီယိုလာက ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်အပေါ် အလိုမကျစွာနဲ့ ဖွင့်ဟခဲ့ပါတယ်။