လီဗာပူးကိုသာ ရှုံးနိမ့်ခဲ့ရင် ပရီးမီးယားလိဂ်ချန်ပီယံဆုမျှော်လင့်ချက် အဆုံးသတ်သွားမှာဖြစ်တယ်လို့ ဘာနာဒို ဆေးလ်ဗား ဝန်ခံပြောကြား
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကစားခဲ့တဲ့ လီဗာပူးအသင်းနဲ့ ပွဲစဉ်မှာသာ မန်ချက်စတာ စီးတီးအသင်း ရှုံးနိမ့်ခဲ့မယ်ဆိုရင် ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် လမ်းကြောင်းဟာ လုံးဝအဆုံးသတ်သွားမှာ ဖြစ်တယ်လို့ ကွင်းလယ်လူ ဘာနာဒို ဆေးလ်ဗားက ဝန်ခံပြောကြားလိုက်ပါတယ်။
အန်ဖီးလ်ကွင်းမှာ ကစားခဲ့တဲ့ အဆိုပါပွဲစဉ်မှာတော့ နည်းပြ ပက် ဂွါဒီယိုလာရဲ့ မန်ချက်စတာ စီးတီးအသင်းဟာ ပွဲနှောင်းပိုင်းမှာ သွင်းယူခဲ့တဲ့ ဘာနာဒို ဆေးလ်ဗားနဲ့ အာလင်း ဟာလန်းတို့ရဲ့ ဂိုးတွေကြောင့် လိုအပ်နေတဲ့ နိုင်ပွဲကို အံ့အားသင့်ဖွယ် ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ နိုင်ပွဲကြောင့် မန်ချက်စတာ စီးတီးအသင်းဟာ ဇယားထိပ်က အာဆင်နယ်အသင်းနဲ့ ၆ မှတ်အကွာမှာ ဆက်လက်တည်ရှိနေပြီး အကယ်၍သာ ရှုံးနိမ့်ခဲ့မယ်ဆိုရင် အာဆင်နယ်အသင်းက ၉ မှတ်အထိ ဖြတ်သွားနိုင်မယ့် အခြေအနေလည်း ဖြစ်ပါတယ်။
ပွဲအပြီးမှာ အင်တာဗျူးမှာတော့ ဘာနာဒို ဆေးလ်ဗားက အကယ်၍ ယခုပွဲစဉ်မှာသာ ရှုံးနိမ့်ခဲ့မယ်ဆိုရင် ချန်ပီယံဆုအတွက် တိုက်ပွဲဝင်ရမယ့် လမ်းကြောင်းဟာ ပြီးဆုံးသွားဖို့ များနေပြီလို့ ပြောကြားခဲ့ပါတယ်။
"အာဆင်နယ်နဲ့ အမှတ်ကွာဟချက်အရ ပရီးမီးယားလိဂ်ရဲ့ အခက်ခဲဆုံးကွင်းဖြစ်တဲ့ ဒီကွင်းမှာ ကျွန်တော်တို့ နောက်ထပ်ဂိုးတွေရဖို့ ကြိုးစားခဲ့ရပါတယ်။ ကျွန်တော် ဂိုးသွင်းနိုင်ခဲ့လို့ ပျော်ရွှင်ရသလို အာလင်း ဟာလန်းကလည်း နောက်ထပ်ဂိုးကို ထပ်မံသွင်းယူပေးခဲ့ပါတယ်" လို့ ၎င်းက ဆိုပါတယ်။
"အခုလို နိုင်ပွဲရခဲ့လို့ အရမ်းဝမ်းသာပါတယ်။ ဒီရရှိတဲ့ အမှတ်တွေဟာ တခြားပွဲတွေက အမှတ်တွေလိုပဲ အရေးကြီးပါတယ်။ ဒီနှစ်အစပိုင်းမှာ ကျွန်တော်တို့ရဲ့ တာဝန်တွေကို သေချာမလုပ်ဆောင်နိုင်ခဲ့လို့ အာဆင်နယ်နဲ့ ပိုနီးကပ်နိုင်မယ့် အခွင့်အရေးတွေ ဆုံးရှုံးခဲ့ရတာ စိတ်ပျက်ဖို့ ကောင်းပါတယ်။ ဒါပေမဲ့ အန်ဖီးလ်မှာ နိုင်ဖို့ ဘယ်လောက်ခက်ခဲသလဲဆိုတာ ခံစားကြည့်နိုင်သလို အခုလို နိုင်ခဲ့လို့လည်း အရမ်းဝမ်းသာပါတယ်" လို့ ဆေးလ်ဗားက ဆက်လက်ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ၎င်းက "အကယ်၍ ဒီပွဲကိုသာ ရှုံးခဲ့မယ်ဆိုရင် ချန်ပီယံဆု မျှော်လင့်ချက် ဖြစ်နိုင်ခြေ အားလုံး ကုန်ဆုံးသွားမှာကို တစ်သင်းလုံး ကြိုတင်သိထားကြပါတယ်။ ကျွန်တော်တို့ နိုင်ကိုနိုင်မှဖြစ်မယ်လို့ ခံစားခဲ့ရပါတယ်။ အခုတော့ မျှော်လင့်ချက်တွေ ပြန်ရှိလာပြီဖြစ်လို့ အဆုံးအထိ ဆက်လက်တိုက်ပွဲဝင်သွားမှာပါ" လို့ ဖွင့်ဟခဲ့ပါတယ်။