ယူနိုက်တက်လူငယ်တိုက်စစ်ကြယ်ပွင့် အီသန်ဝှစ်တလေ ဘရက်ဖို့ဒ်သို့ အငှားနဲ့ပြောင်းရွှေ့
ဘရက်ဖို့ဒ် စီးတီး အသင်းဟာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ လူငယ်တိုက်စစ်မှူး အီသန် ဝှစ်တလေ ကို အငှားစာချုပ်နဲ့အောင်မြင်စွာ ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
အသက်ငယ်ရွယ်ပြီး အလားအလာရှိတဲ့ အဆိုပါ တိုက်စစ်မှူးဟာ ယခု ရာသီကုန်ဆုံးချိန်အထိ ဘရက်ဖို့ဒ် အသင်းမှာ အငှားနဲ့ သွားရောက် ကစားမှာ ဖြစ်ပါတယ်။
ဝှစ်တလေဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက နော့သမ်တန်တောင်း အသင်းမှာ အငှားသွားရောက် ကစားခဲ့ပြီးနောက် အိုးထရက်ဖို့ဒ်ကို ပြန်လည် ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ အခုအခါမှာတော့ သူဟာ ကစားသမားဘဝ တိုးတက်မှုအတွက် အသင်းသစ်ဆီကို ပြောင်းရွှေ့ဖို့ ထပ်မံ ဆုံးဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။
ပြောင်းရွှေ့မှုနဲ့ ပတ်သက်ပြီး ဝှစ်တလေက "ကျွန်တော် အရမ်းကို စိတ်လှုပ်ရှားနေပါတယ်။ ဒီအပြောင်းအရွှေ့အတွက် ဆွေးနွေးမှုတွေ လုပ်နေတာ တော်တော်ကြာနေပြီ ဖြစ်သလို အခုလို အပြီးသတ်နိုင်ခဲ့တဲ့အတွက် ဝမ်းသာပါတယ်။ ကျန်ရှိနေတဲ့ ရာသီဝက်မှာ အသင်းဖော်တွေကို ကူညီပေးနိုင်ဖို့ မျှော်လင့်ပါတယ်" လို့ ဖွင့်ဟခဲ့ပါတယ်။
ဒါ့အပြင် "ဘရက်ဖို့ဒ်အသင်းဟာ ရာသီအစပိုင်းကတည်းက ကောင်းမွန်တဲ့ ရလဒ်တွေ ရယူထားတာ ဖြစ်လို့ ကျွန်တော် အသင်းအတွက် ဂိုးတွေ သွင်းယူပေးချင်ပါတယ်။ နော့သမ်တန်မှာ ကစားခဲ့တဲ့ လအနည်းငယ်အတွင်း ကျွန်တော်ဟာ ကစားသမားတစ်ယောက်အနေနဲ့ အများကြီး ရင့်ကျက်လာခဲ့ပြီး ဒီမှာလည်း အဲဒီလိုမျိုး ဆက်လက် တိုးတက်အောင် ကြိုးစားသွားမှာပါ" လို့ ၎င်းက ဆိုပါတယ်။
ဘရက်ဖို့ဒ် အသင်းရဲ့ နည်းပြဖြစ်သူ ဂရေဟမ် အလက်ဇန်းဒါးကလည်း "အီသန်ကို ကျွန်တော်တို့ရဲ့ တိုက်စစ်ပိုင်း အားဖြည့်မှုအတွက် ခေါ်ယူနိုင်ခဲ့လို့ ဝမ်းသာပါတယ်။ သူဟာ တိုက်စစ်ကစားသမား တစ်ယောက်မှာ ရှိသင့်တဲ့ ထူးရှယ် အရည်အချင်းတွေ ပိုင်ဆိုင်ထားသူ ဖြစ်သလို အခု ရာသီအတွင်း လိဂ်ဝမ်း ပြိုင်ပွဲမှာလည်း အတွေ့အကြုံတွေ ရရှိထားပြီးသားပါ" လို့ ပြောကြားခဲ့ပါတယ်။
"ကျွန်တော်တို့ စကားပြောဖြစ်တုန်းကလည်း သူဟာ အသင်းကို လာရောက်ပူးပေါင်းချင်တဲ့ ဆန္ဒပြင်းပြတာကို တွေ့ခဲ့ရပါတယ်။ သူဟာ ကျွန်တော်တို့နဲ့အတူ ရှိနေမယ့် အချိန်တွေကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းသွားနိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်" လို့လည်း နည်းပြက ဆက်လက် ပြောကြားခဲ့ပါတယ်။