ဘန်လေကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့လို့ ဝမ်းမြောက်မိကြောင်း ဆန်းဒါးလန်းကြယ်ပွင့် တာလ်ဘီ ဖွင့်ဟ
အင်္ဂါနေ့နံနက်က ဘန်လေကို ၃-၀ နဲ့ဂိုးပြတ်အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အသင်းအတွက် တတိမြောက်အနိုင်ဂိုးကိုသွင်းယူပေးနိုင်ခဲ့လို့ အလွန်ဝမ်းသာပျော်ရွှင်မိကြောင်း ဆန်းဒါးလန်းတောင်ပံကြယ်ပွင့် တာလ်ဘီက ဖွင့်ဟပြောကြားလာခဲ့ပါတယ်။
အဆိုပါပွဲစဉ်မှာ တာလ်ဘီဟာ ဆန်းဒါးလန်းအသင်းအတွက် ပွဲသိမ်းအနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပြီး စတေဒီယံ အော့ဖ် လိုက်ဒ် ကွင်းကြီးအတွင်း အသင်းကို အောင်ပွဲဆီသို့ အကောင်းဆုံး ဦးဆောင်ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ပွဲအပြီးမှာ တာလ်ဘီက "ဒီနေ့ပွဲမှာ ကျွန်တော်တို့ တကယ်ကို ကောင်းမွန်တဲ့ အလုပ်တစ်ခုကို လုပ်နိုင်ခဲ့ပါတယ်။ ဘောလုံးပေးပို့မှုတွေရော၊ ဘောလုံးထိန်းချုပ် ကစားနိုင်မှုတွေမှာပါ အရည်အသွေး မြင့်မားခဲ့သလို အခွင့်အရေးတွေကိုလည်း အဆုံးသတ် ကောင်းကောင်းနိုင်ခဲ့ပါတယ်။ ဒီအတွက် တကယ်ကို ဝမ်းသာမိသလို အခုလိုပုံစံမျိုးကိုပဲ ဆက်လက် ထိန်းသိမ်းသွားဖို့ လိုအပ်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။
၎င်း၏သွင်းဂိုးနှင့် ပတ်သက်ပြီးတော့လည်း "ကျွန်တော့်ရဲ့သွင်းဂိုးကို ပြန်ကြည့်ဖို့ လိုအပ်ချက်တွေရှိနေသေးပေမဲ့ အခုလို ဂိုးသွင်းနိုင်ခဲ့တဲ့အတွက် တကယ်ကို ကျေနပ်မိပါတယ်။ ဒီလိုသွင်းဂိုးမျိုး ရရှိဖို့အတွက် လေ့ကျင့်ရေးကွင်းမှာ နေ့တိုင်း လေ့ကျင့်နေတာပါ။ နောက်ထပ် ဂိုးတွေ အများကြီး ထပ်သွင်းနိုင်ဖို့ မျှော်လင့်သလို အခုလို ရလဒ်မျိုးကိုလည်း တန်ဖိုးထားပါတယ်" လို့ ဖွင့်ဟခဲ့ပါတယ်။
ဂိုးသွင်းအပြီး အောင်ပွဲခံဟန်နှင့် ပတ်သက်ပြီးတော့လည်း ၎င်းက "ဒါက ကျွန်တော် ကလပ်ဘရုဂေးအသင်းမှာ ရှိစဉ်ကတည်းက လုပ်ခဲ့တဲ့ အောင်ပွဲခံဟန်ပါ။ ဒီအသင်းမှာလည်း ဒါကိုပဲ ဆက်လုပ်သွားမှာပါ။ အခုလို အောင်ပွဲခံရတဲ့အတွက် အရမ်းကို ပျော်ရွှင်ရပါတယ်" လို့ ဆိုခဲ့ပါတယ်။
အသင်းရဲ့ ရှေ့ဆက်ရမယ့် ရည်မှန်းချက်တွေနဲ့ ပတ်သက်ပြီးတော့လည်း တာလ်ဘီက "ကျွန်တော်တို့ ထိပ်တန်းအဆင့်ကို ရောက်ချင်တာပါ။ အဆင့် ၅ ဒါမှမဟုတ် အဆင့် ၆ အတွင်း ဝင်နိုင်အောင် ကြိုးစားသွားမှာပါ။ ရှေ့မှာ ကစားရမယ့် ပွဲစဉ်တွေ အများကြီးရှိနေသေးပေမဲ့ နောက်ထပ်ရင်ဆိုင်ရမယ့် ပွဲစဉ်တွေအပေါ်မှာပဲ အပြည့်အဝ အာရုံစိုက်ထားပါတယ်" လို့ ပြောကြားသွားခဲ့ပါတယ်။