ဝုဗ်နဲ့ပွဲစဉ်မှာ ဂိုးသွင်းယူပြီးနောက် စိတ်သက်သာရာရရှိသွားတဲ့ ဖလော်ရီယန်ဝစ်ဇ်
ဖလော်ရီယန်ဝစ်ဇ်က ဝုဗ်ကိုအနိုင်ယူခဲ့တဲ့ ပရီးမီးယားလိဂ်အိမ်ကွင်းပွဲစဉ်မှာ လီဗာပူးကစားသမားဘဝ၊ ဗွေဆော်ဦးဂိုးသွင်းယူနိုင်ခဲ့မှုအတွက် အလွန်ပျော်ရွှင်မိတယ်လို့ ပြောပါတယ်။
အခုပွဲစဉ်၊ ပထမပိုင်းပွဲချိန်အတွင်း ဂရာဗန်ဘတ်ချ်ရဲ့ဦးဆောင်ဂိုးအပြီး တခဏအကြာမှာပဲ ကွင်းလယ်တိုက်စစ်ကစားသမားက ကြိုးကြာနီတွေရဲ့ဦးဆောင်မှု နှစ်ဆတိုးပွားစေမယ့်ဂိုးကို သွင်းယူခဲ့ပါတယ်။
ဒုတိယပိုင်းပွဲချိန်အစောပိုင်းမှာ ဝုဗ်က အလွတ်တည်ကန်ဘောမှတဆင့် ရရှိလာတဲ့ ဆန်တီယာဂိုဘူအီနိုရဲ့သွင်းဂိုးဖြင့် ပွဲစဉ်ဆီ ပြန်လာနိုင်ဖို့ ကြိုးစားခဲ့ပေမယ့် အိမ်ရှင်တွေအတွက် ပြိုင်ပွဲစုံနောက်ဆုံးလေးပွဲဆက်အနိုင်ရရှိမှုမှတ်တမ်းဖြစ်မြောက်လာမှုကိုတော့ မတားဆီးနိုင်ခဲ့ပါဘူး။
ပွဲစဉ်အပြီး ဖလော်ရီယန်ဝစ်ဇ်က “ ပရိသတ်တွေနဲ့အတူ ကွင်းတွင်းမှာ အောင်ပွဲခံရတဲ့ ခံစားချက်က အလွန်ကောင်းမွန်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အလွန်ပျော်ရွှင်ခဲ့သလို အခုထိလည်း ပျော်ရွှင်နေတုန်းပါပဲ။
တစ်နေ့မှာ ဂိုးသွင်းယူနိုင်လိမ့်မယ်ဆိုတဲ့ ခံစားချက်မျိုး ကျွန်တော့်မှာ ရှိနေခဲ့ပါတယ်။ အစောပိုင်းမှာကတည်းက ဂိုးသွင်းယူတာတွေ၊ ဂိုးဖန်တီးပေးတာတွေနဲ့ စတင်ချင်ခဲ့ပေမယ့် အခုလိုမျိုးပဲ ဖြစ်သွားခဲ့ပါတယ်။ ဒါကို ကျွန်တော်ကိုယ်တိုင် လက်ခံပေးဖို့ လိုအပ်ပါတယ်။ သွင်းဂိုးရရှိမယ်လို့ပဲ ကျွန်တော်သိထားခဲ့ပြီး အခုအတိုင်းဖြစ်နေစေဖို့ ဆက်ကြိုးစားသွားပါမယ်”လို့ ပြောပါတယ်။
လီဗာပူးက နိုင်ပွဲရရှိသင့်ပေမယ့် ပထမပိုင်းပွဲချိန်အပြီး ဝုဗ်ရဲ့ပြန်လာနိုင်ရေးကြိုးပမ်းမှုတွေကြောင့် အနိုင်သုံးမှတ်အပြည့်ရရှိတာ အလွန်ကံကောင်းတယ်လို့ ဆိုရပါလိမ့်မယ်။
ဖလော်ရီယန်ဝစ်ဇ်က “ ပထမပိုင်းပွဲချိန်တွေမှာ ကျွန်တော်တို့အသင်း အကောင်းဆုံးကစားသွားနိုင်ခဲ့ပါတယ်။ လူတိုင်းလည်း အပြင်းအထန်ကြိုးစားအားထုတ်ခဲ့ပါတယ်။ ပွဲချိန်နောက်ဆုံးမိနစ် ၂၀ အတွင်းမှာတော့ ကျွန်တော်တို့တွေ ကိုယ်ကိုယ့်ကိုယ်အနည်းငယ်အခက်တွေ့အောင် လုပ်ခဲ့မိပါတယ်။ ဘာကြောင့်လဲဆိုတာတော့ မရှင်းပြနိုင်ပါဘူး။ ဒါကို ပြုပြင်ပြောင်းလဲပစ်ရပါမယ်။
ကျွန်တော်တို့လည်း အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ရှိချင်ပါတယ်။ ကျွန်တော်တို့အသင်းအတွက် လွယ်ကူတဲ့ဘောလုံးရာသီစတင်မှုတစ်ခု မဖြစ်ခဲ့ပေမယ့် ပိုကောင်းအောင်လုပ်ဆောင်ပြီး ရမှတ်တွေ ရှာဖွေရယူနေပါပြီ”လို့ ဆက်ပြောပါတယ်။