ယမန်နှစ်ရာသီက ဘရိုက်တန်နဲ့ပွဲစဉ်မှာ စိတ်ပျက်စရာဖြစ်ခဲ့ရပြီးနောက် ယနေ့ညပွဲမှာ တိုးတက်မှုတွေမြင်ရဖို့ မျှော်လင့်နေတဲ့ အာတီတာ
အာဆင်နယ်နည်းပြ မီကယ် အာတီတာက ယနေ့ည ဘရိုက်တန်နဲ့ ရင်ဆိုင်ရမယ့်ပွဲစဉ်မှာ ဒီကလန်ရိုက်စ်ရဲ့ အငြင်းပွားဖွယ်အနီကတ်ဖြစ်ရပ်မျိုး ထပ်မဖြစ်စေချင်ဘူးလို့ ပြောခဲ့ပါတယ်။
အာဆင်နယ်ဟာ ဒုတိယနေရာက မန်ချက်စတာစီးတီးထက် နှစ်မှတ်သာ အသာရနေပြီး ပက်ပ်ဂွါဒီယိုလာရဲ့အသင်းက အာဆင်နယ်တို့ ဘရိုက်တန်နဲ့ မကစားခင် City Ground မှာ နော်တင်ဟမ်ဖောရက်စ်ကို အနိုင်ရခဲ့ရင် အမှတ်ပေးဇယားထိပ်ဆုံးမှာ တစ်မှတ်အသာနဲ့ ဦးဆောင်နိုင်မှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရာသီက ဘရိုက်တန်နဲ့ပွဲစဉ်မှာ ရိုက်စ်က ပွဲပြန်စဖို့ နှောင့်နှေးခဲ့တဲ့အတွက် ဒုတိယအဝါကတ်ပြခံရပြီး နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။
ရိုက်စ် အငြင်းပွားဖွယ် ထုတ်ပယ်ခံရချိန်မှာ အာဆင်နယ်က ၁-၀ နဲ့ ဦးဆောင်နေခဲ့ပေမဲ့ ပွဲအပြီးမှာ ၁-၁ သရေနဲ့ နှစ်မှတ်ဆုံးရှုံးခဲ့ရပါတယ်။
အာတီတာက"အဲ့ဒီပွဲကို ကျွန်တော် ကောင်းကောင်းမှတ်မိပါတယ်။ ကျွန်တော်တို့ ၁၀ ယောက်နဲ့ ကစားခဲ့ရတဲ့ပုံစံက အရမ်းဒေါသထွက်စရာပါပဲ။ ဒါကြောင့် နောက်တစ်ကြိမ်မှာ လုံးဝကွဲပြားလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
အခု စည်းမျဉ်းတွေက ပြောင်းလဲသွားပြီလို့ ထင်ပါတယ်။ ကျွန်တော်တို့ အဲဒီစည်းမျဉ်းအတွက် ကြီးမားတဲ့တန်ဖိုးပေးခဲ့ရပါတယ်။ အဲဒါတွေ ပျောက်ကွယ်သွားပြီး ကစားသမား ၁၁ ယောက်နဲ့ ဆက်ကစားနိုင်ဖို့ မျှော်လင့်ပါတယ်"လို့ ပြောခဲ့ပါတယ်။
ရိုက်စ်ရဲ့ အနီကတ်ဟာ အာဆင်နယ် ပရီးမီးယားလိဂ်မှာ ပြီးခဲ့တဲ့ရာသီက ရရှိခဲ့တဲ့ အနီကတ် ၆ ကတ်ထဲက တစ်ခုဖြစ်ပေမဲ့ ဒီရာသီမှာတော့ အာဆင်နယ် ကစားသမားတစ်ဦးမှ ထုတ်ပယ်ခံရခြင်း မရှိသေးပါဘူး။