အီဆက်ခ်ဒဏ်ရာရရှိသွားတဲ့ ဘောလုံးဖျက်ထုတ်မှုအတွက် ဗန်ဒီဗန်ကို ကာကွယ်ပေးခဲ့တဲ့ သောမတ်စ်ဖရန့်ခ်
မဆင်မခြင်ဘောလုံးဖျက်ထုတ်မှုတစ်ခုကြောင့် အီဆက်ခ်ရဲ့ခြေထောက်အရိုး ကျိုးသွားခဲ့တယ်ဆိုတဲ့ လီဗာပူးနည်းပြအန်းစလော့ရဲ့ထုတ်ဖော်ပြောဆိုမှုအပြီး တော့တင်ဟမ်နည်းပြသောမတ်စ်ဖရန့်ခ်က သူ့ရဲ့ခံစစ်မှူးဗန်ဒီဗန်ဘက်မှာ အပြည့်အဝရပ်တည်ခဲ့ပါတယ်။
ဒါ့အပြင် ဖရန့်ခ်က စနေနေ့၊ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်း ဆွီဒင်တိုက်စစ်မှူးထွက်ခွာသွားပြီးနောက် အီဆက်ခ်နဲ့ ဗန်ဒီဗန်အကြား အစိုင်အခဲကို ဖြေရှင်းခဲ့ပြီးပြီလို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။
အန်းစလော့ကတော့ လီဗာပူးအသင်း ၂-၁ ဂိုးဖြင့် အနိုင်ရရှိတဲ့ပွဲစဉ်မှာ ပထမဂိုးသွင်းယူဖို့ ကြိုးစားနေတဲ့ အီဆက်ခ်အပေါ် ဗန်ဒီဗန်ရဲ့ဖျက်ထုတ်မှုပုံစံကြောင့် သေချာပေါက်ပြင်းထန်ဒဏ်ရာရရှိစေနိုင်တယ်လို့ ပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့အင်္ဂါနေ့၊ သတင်းထောက်တွေနဲ့တွေ့ဆုံချိန် သောမတ်စ်ဖရန့်ခ်က “ ကျွန်တော် လုံးဝသဘောမတူပါဘူး။ ကျွန်တော်တို့က ဂိုးမပေးရဖို့ အစွမ်းကုန်ကြိုးစားမယ့် ခံစစ်မှူးတစ်ဦးအကြောင်း ပြောနေတာပါ။ တိုက်စစ်ခံစစ် အကူးအပြောင်းကာလတစ်ခုဖြစ်လို့ ဗန်ဒီဗန်ကိုယ်တိုင်လည်း ခံစစ်ဇုန်ဆီ ပြေးလွှားခဲ့ပါတယ်။ သူ့ရဲ့ဘေးမှာ ဘောလုံးကျရောက်လာပြီး ဒါကိုတားဆီးဖို့ အစွမ်းကုန်ကြိုးစားခဲ့ပါတယ်။
ကံမကောင်းစွာနဲ့ဘဲ အီဆက်ခ်ရဲ့ခြေထောက်က အဲ့ဒီနေရာမှာရှိနေလို့ အခြေအနေတွေ ပိုပြီးဆိုးရွားသွားပုံပါပဲ။ ပြောရမယ်ဆိုရင် ခံစစ်မှူးတစ်ဦးအနေနဲ့ အခုလိုအခြေအနေမျိုးမှာ အဲ့ဒီလိုမျိုးဖျက်ထုတ်မှုမလုပ်ဘူးဆိုရင် ကျွန်တော်ကတော့ သူတို့ကို ခံစစ်မှူးလို့တောင် မသတ်မှတ်တော့ပါဘူး။ ကျွန်တော့်မှာတော့ အဲ့ဒီလိုမျိုး အမြင်မျိုး မရှိပါဘူး။ ပုံမှန်အားဖြင့် ဗန်ဒီဗန်ရဲ့မဆင်မခြင်ဘောလုံးဖျက်ထုတ်မှုလို့တောင် မမြင်မိပါဘူး။
ကစားသမားနှစ်ဦးအကြားမှာလည်း အစိုင်အခဲတွေ ဖြေရှင်းပြီးသွားပြီဆိုတာ ကျွန်တော်သိပါတယ်။ ဒါက ကောင်းတဲ့လက္ခဏာတစ်ခုပါ”လို့ ပြောပါတယ်။
ပြီးခဲ့တဲ့စနေနေ့ရှုံးနိမ့်မှုနဲ့အတူ ပရီးမီးယားလိဂ်နောက်ဆုံးရှစ်ပွဲမှာ တစ်ပွဲသာ အနိုင်ရရှိထားတဲ့ တော့တင်ဟမ်က အမှတ်ပေးဇယားအဆင့်-၁၄ နေရာဆီ ရောက်ရှိသွားပြီး လာမယ့်တနင်္ဂနွေနေ့၊ ဆဲလ်ဟတ်ပတ်ခ်မှာ ခရစ္စတယ်ပဲလေ့စ်နဲ့ ရင်ဆိုင်သွားရပါမယ်။