The network connection is lost.

Banner Image

ပိုမိုဆိုးရွားလာနေတဲ့အခြေအနေကြောင့် အရေးပေါ်အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့တဲ့ လီဗာပူးအသင်းကစားသမားများ

အခုသီတင်းပတ်အတွင်း လီဗာပူးကစားသမားတွေကိုယ်တိုင် အရေးပေါ်အစည်းအဝေးတစ်ခု ပြုလုပ်ခဲ့ပြီး နည်းပြအန်းစေလော့အတွက် ဖိအားတွေ အကြီးအကျယ်များပြားလာပါတယ်။

ပြီးခဲ့တဲ့စနေနေ့၊ အက်ဖ်အေဖလားပွဲစဉ်မှာ မန်စီးတီးကို လေးဂိုးပြတ်အရှက်တကွဲ ရှုံးနိမ့်ခဲ့မှုကြောင့် လီဗာပူးအတွက် အခုဘောလုံးရာသီ၊ ဆုဖလားမျှော်လင့်ချက်အဖြစ် ချန်ပီယံလိဂ်တစ်ခုပဲ ကျန်ပါတော့တယ်။ ချန်ပီယံလိဂ်မှာလည်း သူတို့တွေက လက်ရှိချန်ပီယံပီအက်စ်ဂျီအသင်းနဲ့ ရင်ဆိုင်သွားရပါမယ်။

အခုရာသီက ပရီးမီးယားလိဂ်ချန်ပီယံတွေအတွက်တော့ တကယ်ကို ဆိုးရွားတဲ့ရာသီတစ်ခု ဖြစ်နေပါတယ်။ ပြိုင်ပွဲစုံ ၁၅ ပွဲအထိ ရှုံးနိမ့်ခဲ့ပြီးနောက် ပရိသတ်တွေက အန်းစလော့ကို ရာထူးမှထုတ်ပယ်ဖို့ တောင်းဆိုနေကြပါတယ်။ ဒါက ၂၀၁၄-၁၅ ရာသီ၊ ဘရန်ဒန်ရော်ဂျာလက်ထက် ၁၈ ပွဲအထိ ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း လီဗာပူးအတွက် အဆိုးရွားဆုံး ရလဒ်လည်း ဖြစ်ပါတယ်။

မန်စီးတီးကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်က လီဗာပူးအသင်းအတွက် သည်းခံနိုင်စွမ်း ကုန်ဆုံးသွားစေတဲ့ အချက်ဖြစ်ခဲ့ပြီး ပွဲအပြီးမှာပဲ အရေးပေါ်အစည်းအဝေးတစ်ခု ပြုလုပ်ခဲ့တယ်လို့ The Sun နဲ့ The Express သတင်းဌာနတွေက ဖော်ပြခဲ့ပါတယ်။

လက်ရှိမှာ လီဗာပူးက ပရီးမီးယားလိဂ်အမှတ်ပေးဇယားပဉ္စမနေရာမှာရှိနေပြီး ပြည်တွင်းရှုံးထွက်ဖလားပြိုင်ပွဲမှလည်း ထွက်ခဲ့ရပါတယ်။ လာမယ့် ဗုဒ္ဓဟူးနေ့ညမှာ ကစားမယ့် ပီအက်စ်ဂျီနဲ့ပွဲမှာသာ ထပ်မံရှုံးနိမ့်ခဲ့မယ်ဆိုရင် အန်းစလော့ရဲ့ နည်းပြသက်တမ်း အဆုံးသတ်သွားနိုင်ပါတယ်။

အဲဒီအစည်းအဝေးကို အသင်းခေါင်းဆောင်ဗန်ဒိုက်ကိုယ်တိုင် ဦးဆောင်ခဲ့ပြီး သူကတော့ "ကျွန်တော်တို့မှာ ကိုယ့်ကိုယ်ကိုယ်တင်မကဘဲ အထူးသဖြင့် ပရိသတ်တွေအတွက်ပါ တာဝန်ယူရမယ့်အပိုင်းတွေ ရှိနေပါတယ်" လို့ ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့နွေရာသီ၊ ပေါင်သန်း ၄၀၀ ကျော် အသုံးပြုပြီး လူအင်အားဖြည့်တင်းခဲ့ပေမဲ့ အခုလိုမျိုးကျရှုံးနေမှုအပေါ် ကစားသမားတွေကိုယ်တိုင်လည်း သူတို့ရဲ့ ညံ့ဖျင်းမှုကို သိရှိနေကြလို့ အခုလိုအစည်းအဝေးပြုလုပ်တဲ့အချက်က အန်းစလော့အတွက်တော့ စိတ်ပူစရာ အခြေအနေတစ်ခု ဖြစ်ပါတယ်။

"ဒါနဲ့ပတ်သက်ပြီး အဝတ်လဲခန်းထဲမှာ ဆွေးနွေးခဲ့ကြပါတယ်၊ ဒါဟာ ကျွန်တော်တို့ရဲ့တာဝန်ပါပဲ" လို့ ဗန်ဒိုက်က ဆိုပါတယ်။

အန်းစလော့အပေါ် ဖိအားတွေ ကျရောက်နေတာ အချိန်အတန်ကြာနေပြီဖြစ်ပြီး တကယ်လို့ ချန်ပီယံလိဂ်မှထွက်ခွာရသလို ပရီးမီးယားလိဂ်မှာလည်း ထိပ်ဆုံးလေးသင်းစာရင်းဝင်ဖို့ ရုန်းကန်နေရမယ်ဆိုရင် ဒတ်ချ်လူမျိုးနည်းပြကို ရာထူးမှထုတ်ပယ်ဖို့ အလားအလာများလာပါလိမ့်မယ်။