The network connection is lost.

Banner Image

ချဲလ်ဆီးနဲ့ပွဲမှာ ဒဏ်ရာကြောင့် လူစားလဲခဲ့ရတဲ့ နောက်ခံလူ ကိုနာတေးရဲ့ အခြေအနေကို ပြောကြားလိုက်တဲ့ လီဗာပူးနည်းပြ စလော့

လီဗာပူးအသင်း ချဲလ်ဆီးကို ၂-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ အီဘရာဟီမာ ကိုနာတေးကို ဒုတိယပိုင်းမှာ လူစားလဲခဲ့ရခြင်းဟာ ဒဏ်ရာကြောင့်ဖြစ်ကြောင်း နည်းပြ အာနီ စလော့က အတည်ပြုပြောကြားလိုက်ပါတယ်။ ဗဟိုနောက်ခံလူ ကိုနာတေးဟာ ပွဲချိန် ၅၆ မိနစ်မှာ ကွင်းအတွင်းမှ ထွက်ခွာခဲ့ရပြီး ရိုင်ယန် ဂရာဗန်ဘက်ချ်က ပွဲပြီးဆုံးချိန်အထိ ဗာဂျယ် ဗန်ဒိုက်နဲ့ တွဲဖက်ကစားခဲ့ပါတယ်။ လီဗာပူးအသင်းကတော့ ကစားသမားရဲ့ ပေါင်ရင်းကြွက်သားဒဏ်ရာ ပြင်းထန်မှုကို ဆုံးဖြတ်နိုင်ဖို့အတွက် အသေးစိတ်စစ်ဆေးမှုတွေ ပြုလုပ်သွားမှာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

ပြင်သစ်နောက်ခံလူဟာ ဒုတိယပိုင်းအစောပိုင်းမှာ ဒဏ်ရာရရှိခဲ့ပုံပေါ်ပြီး သူ့ရဲ့မန်နေဂျာက ကိုနာတေး ခြေထော့နဲ့နဲ့ ဖြစ်နေတာကို သတိပြုမိခဲ့ပါတယ်။ စလော့က ကိုနာတေးရဲ့ အခြေအနေ ဘယ်လိုပဲဖြစ်ဖြစ် လူစားလဲလှယ်ဖို့ အစီအစဉ်ရှိပြီးသားဖြစ်တယ်လို့ ဆိုပါတယ်။ ဒတ်ချ်လူမျိုးနည်းပြဟာ သူ့ရဲ့ ဗဟိုနောက်ခံလူစစ်စစ်ကို ကွင်းလယ်ကစားသမား ကာတစ် ဂျုံးစ်နဲ့ အစားထိုးခဲ့ပြီး ဂရာဗန်ဘက်ချ်ကို နောက်တန်းဆင်းကစားစေကာ နောက်တန်းကနေ ဘောလုံးနဲ့ ပိုကောင်းကောင်း တည်ဆောက်နိုင်ဖို့ ရည်ရွယ်ခဲ့တာ ဖြစ်ပါတယ်။

စလော့က "ဒဏ်ရာက ကြီးကြီးမားမား ဟုတ်၊ မဟုတ်တော့ ကျွန်တော်မသိဘူး၊ ဒါပေမဲ့ ကျွန်တော်သိတာက သူ ခြေထော့နဲ့နဲ့ ဖြစ်နေပြီး ကျွန်တော်မေးကြည့်တဲ့အခါမှာ သူ့ရဲ့ပေါင်ရင်းကြွက်သားကို နည်းနည်းခံစားနေရတယ်လို့ သူပြောပါတယ်"

"အဲ့ဒီအချိန်မှာ ကျွန်တော့်အတွက်တော့ စိုးရိမ်စရာ အချက်ပေးခေါင်းလောင်းသံတွေ အကုန်မြည်လာတာပဲ၊ ဘာလို့လဲဆိုတော့ နောက်တစ်ကြိမ်ပြေးလွှားလိုက်ရင် အခြေအနေကောင်းသွားမလားဆိုတာ ဘယ်သူမှ မသိနိုင်လို့ပါပဲ"

"ဒါက ကျွန်တော် စိတ်ထဲမှာရှိပြီးသား လူစားလဲမှုတစ်ခုလည်း ဖြစ်ပါတယ်၊ မိနစ်အနည်းငယ် ဒါမှမဟုတ် နည်းနည်းနောက်ကျပြီးမှ လဲဖို့ စဉ်းစားထားတာပေါ-။ ဘာဖြစ်လို့လဲဆိုတော့ ညာခြမ်းက ဗဟိုနောက်ခံလူဆီမှာ ဘောလုံးပိုင်ဆိုင်မှု အများကြီးရနေပြီး အဲ့ဒီနေရာကနေ ကျွန်တော်တို့ တိုက်စစ်စတင်ဖန်တီးဖို့ လိုအပ်နေလို့ပါ။ ရိုင်ယန် ဂရာဗန်ဘက်ချ် က အဲ့ဒီအပိုင်းမှာ တော်တော်လေးကောင်းတယ်ဆိုတာ ကျွန်တော်တို့အားလုံး သိပါတယ်"

"သူ စောစောထွက်သွားတာ ကောင်းကောင်းမွန်မွန် ဖြစ်သွားနိုင်ပါတယ်၊ ဒါပေမဲ့ သူ ခြေထော့နဲ့နဲ့ဖြစ်နေတဲ့အတွက် ကျွန်တော် သူ့ကို လူစားလဲကိုလဲရမယ်ဆိုတာ ရှင်းရှင်းလင်းလင်း သိခဲ့ရပါတယ်" လို့ ပြောပါတယ်။

ရေရှည်ဒဏ်ရာရရှိခဲ့မယ်ဆိုရင်တော့ ဒီနွေရာသီမှာ ခံစစ်ပိုင်းကို အင်အားဖြည့်တင်းမယ့်အစား တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းမှုကို ဦးစားပေးခဲ့တဲ့ လီဗာပူးရဲ့ အပြောင်းအရွှေ့လုပ်ဆောင်မှုတွေအပေါ် မေးခွန်းထုတ်စရာတွေ ထပ်ဖြစ်လာစေမှာပါ။

ဂျာရဲလ် ကွန်ဆာကို လေဗာကူဆင်အသင်းဆီ ထွက်ခွာခွင့်ပြုခဲ့တာကြောင့် လီဗာပူးမှာ အဓိက ဗဟိုနောက်ခံလူအဖြစ် ကိုနာတေး၊ ဗန်ဒိုက်နဲ့ ဂျိုး ဂိုမက်ဇ်တို့ သုံးဦးသာ ကျန်ရှိပါတော့တယ်။ အပြောင်းအရွှေ့နောက်ဆုံးရက်မှာ ခရစ္စတယ်ပဲလေ့စ်အသင်းခေါင်းဆောင် မာ့ခ် ဂူဟီကို ခေါ်ယူဖို့ ကြိုးပမ်းမှုဟာ ပဲလေ့စ်ဥက္ကဋ္ဌ စတိဗ် ပဲရစ်ရှ်က အပြောင်းအရွှေ့ကို ရပ်တန့်ပစ်ခဲ့တာကြောင့် ပျက်ပြယ်ခဲ့ရပါတယ်။ သူဟာ ဒီရာသီကို ဦးစားပေးပြီး အင်္ဂလန်ဗဟိုနောက်ခံလူကို ၂၀၂၆ မှာ စာချုပ်သက်တမ်းကုန်တဲ့အခါ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ပြုဖွယ် ရှိနေပါတယ်။

ဂျိုး ဂိုမက်ဇ်ကတော့ သူ့ရဲ့မန်နေဂျာရဲ့ အနာဂတ်အစီအစဉ်တွေထဲမှာ ပါဝင်ပုံမရပါဘူး။ အသက် ၂၈ နှစ်အရွယ် ကစားသမားဟာ ရာသီကြိုခြေစမ်းပွဲတွေမှာ ခြေဖနောင့်အကြောဒဏ်ရာနဲ့ ရုန်းကန်ခဲ့ရတာကြောင့် သိပ်မကစားခဲ့ရပါဘူး။ အေစီမီလန်အသင်းဆီ ပြောင်းရွှေ့ဖို့ သတင်းတွေထွက်ပေါ်ခဲ့တာကလည်း လီဗာပူးရဲ့ ဒီနေရာမှာ လူအင်အားနည်းပါးမှုကို ထောက်ရှုရင် အံ့အားသင့်စရာ ဖြစ်ခဲ့ပါတယ်။

စလော့ဟာ ရာသီပိတ်ရက်တွေမှာ ဂရာဗန်ဘက်ချ်နဲ့ ဝါတာရူ အန်ဒိုတို့ကို ဗဟိုနောက်ခံလူနေရာမှာ ယာယီအဖြစ် စမ်းသပ်အသုံးပြုခဲ့ပါတယ်။ သူ့ရဲ့ ကွင်းလယ်ခံစစ်ကစားသမားကို ခံစစ်ပိုင်းသို့ ထပ်မံရွှေ့ပြောင်းကစားစေခဲ့တဲ့ ဆုံးဖြတ်ချက်အရ ကိုနာတေးသာ အနားယူရမယ်ဆိုရင် ဒီအစီအစဉ်ကိုပဲ သူဆက်လက်အသုံးပြုသွားဖွယ် ရှိနေပါတယ်။

စနေနေ့က ချဲလ်ဆီးကို ရှုံးနိမ့်ခဲ့တဲ့ပွဲဟာ လီဗာပူးရဲ့ ပေါများလှတဲ့ တိုက်စစ်ပိုင်းရွေးချယ်စရာတွေကပဲ ဒီရာသီ သူတို့ရဲ့ပြဿနာဖြစ်တယ်လို့ ပထမဆုံးအကြိမ် ထောက်ပြခံရတဲ့ပွဲ ဖြစ်ခဲ့ပါတယ်။ ဂယ်ရီ နဗီးလ်က သူ့ရဲ့ပွဲပြီးသုံးသပ်ချက် ပေါ့ဒ်ကတ်စ်မှာ ကိုဒီ ဂတ်ပို၊ ဖလိုရီယန် ဝါ့ဇ်နဲ့ မိုဟာမက် ဆာလာတို့ရဲ့ ဒုတိယပိုင်းခြေစွမ်းတွေကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။ သွင်းဂိုးမျှော်မှန်းချက် (xG) အရ လီဗာပူးဟာ ဒီပွဲကို အနိုင်ရခဲ့သင့်ပြီး မွိုင်ဆက်စ် ကိုင်ဆေးဒိုရဲ့ မိုးကြိုးပစ်ကန်ချက်နဲ့ သွင်းယူခဲ့တဲ့ အဖွင့်ဂိုးအတွက် သူတို့ရဲ့နောက်တန်းကို အပြစ်တင်လို့မရတာ သေချာပါတယ်။
သို့သော်လည်း လီဗာပူးအတွက် စိုးရိမ်စရာ လက္ခဏာတွေ ရှိနေပါတယ်။ သူတို့ဟာ ဒီရာသီမှာ ဂိုးမပေးခဲ့ရတဲ့ပွဲ နှစ်ပွဲသာ ရှိသေးပြီး တစ်ပွဲက တန်းတက်ကလပ် ဘန်လေနဲ့ဖြစ်ကာ နောက်တစ်ပွဲကတော့ အာဆင်နယ်နဲ့ ကစားခဲ့တဲ့ပွဲဖြစ်ပြီး အဲ့ဒီပွဲမှာ မီခေးလ် အာတီတာရဲ့ ခံစစ်ပိုင်းကစားပုံက ဝေဖန်ခံခဲ့ရပါတယ်။

နောက်ခံလူ မီလော့စ် ကာကက်ဇ်ရော ဂျက်ရမီ ဖရင်ပေါင်ပါ ခံစစ်တောင်ပံနှစ်ဖက်စလုံးမှာ သူတို့ရဲ့ သက်ဆိုင်ရာနေရာတွေကို ပိုင်ပိုင်နိုင်နိုင် ရယူထားနိုင်ခြင်း မရှိသေးဘဲ လွန်ခဲ့တဲ့ပွဲအနည်းငယ်မှာ ဒတ်ချ်ကစားသမားထက် ကော်နာ ဘရက်ဒလေကို ပိုဦးစားပေးအသုံးပြုခဲ့ပါတယ်။

ကိုနာတေးနဲ့ ဗန်ဒိုက်တို့ရဲ့ ခံစစ်အတွဲဟာ ဒီရာသီ လီဗာပူးရဲ့ ကစားသမားသစ်တွေ အထိုင်ကျဖို့အတွက် တည်ဆောက်ထားတဲ့ အဓိကအုတ်မြစ်တွေထဲက တစ်ခုဖြစ်ခဲ့ပါတယ်။ ဒီရာသီမှာ သူတို့အတွဲရဲ့ ခြေစွမ်းက အရင်ကလောက် မခိုင်မာတော့ဘူးဆိုရင်တောင်မှ ဒီအတွဲကို ခွဲလိုက်ရခြင်းက အန်ဖီးလ်ရဲ့ ဦးဆောင်ဦးရွက်ပြုသူတွေအတွက် ကြိုဆိုစရာကိစ္စတစ်ခုတော့ ဖြစ်မှာမဟုတ်ပါဘူး။

ကိုနာတေးဟာ ပြင်သစ်လက်ရွေးစင်အသင်းမှာ ဘိုင်ယန်မြူးနစ်ကစားသမား ဒေးယော့ အူပါမီကာနိုနဲ့ တွဲဖက်ပြီး ဒီဒီယာ ဒက်စ်ချန့်ရဲ့ ဦးစားပေး ဗဟိုနောက်ခံလူအတွဲအဖြစ် ပုံမှန်ကစားခွင့်ရသူဖြစ်ပြီး လာမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲတွေဖြစ်တဲ့ အိုက်စလန်၊ အဇာဘိုင်ဂျန်တို့နဲ့ ပွဲတွေအတွက် သူ့နိုင်ငံကိုယ်စားပြု ရွေးချယ်ခံထားရပါတယ်။ သို့သော်လည်း ရှိနေတဲ့ ကြွက်သားဒဏ်ရာအသေးစားကို ပိုဆိုးသွားစေနိုင်တယ်ဆိုတဲ့ အရိပ်အယောင်တစ်ခုခုရှိခဲ့ရင် လီဗာပူးက နိုင်ငံတကာပွဲစဉ်တွေအတွက် သူ့ကို စေလွှတ်ပေးမှာ မဟုတ်တာ သေချာသလောက်ပါပဲ။

လီဗာပူးဟာ နိုင်ငံတကာပွဲစဉ်များအပြီး အရေးကြီးတဲ့ပွဲစဉ်တွေကို ရင်ဆိုင်ရမှာဖြစ်ပြီး ပထမဆုံး ပရီးမီးယားလိဂ်မှာ အဓိကပြိုင်ဘက် ယူနိုက်တက်နဲ့ ကစားရမှာဖြစ်ကာ အဲ့ဒီနောက်မှာတော့ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ဂျာမနီမြေကို သွားရောက်ပြီး ဖရန့်ဖက်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ သုံးပွဲဆက်တိုက် ရှုံးနိမ့်ထားတဲ့အခြေအနေကနေ ပြန်လာရမှာဖြစ်တဲ့အတွက် သူတို့ဟာ အထူးသဖြင့် ခံစစ်ရဲ့အဓိကနေရာမှာ အင်အားနည်းပါးနေတာကြောင့် လူစုံနီးပါးနဲ့ ပွဲထွက်နိုင်ဖို့ လိုအပ်နေပါတယ်။