The network connection is lost.

Banner Image

လိဒ်နဲ့သရေပွဲစဉ်အပြီး လီဗာပူးအတွက် အပေါင်းလက္ခဏာဆောင်တဲ့အချက်တွေကို ဆွေးနွေးလာတဲ့ အန်းစလော့

လိဒ်ယူနိုက်တက်ကို နှစ်ဂိုးပြတ်ဦးဆောင်နိုင်ပြီးမှ သုံးဂိုးစီသရေကျခဲ့တဲ့ လီဗာပူးရဲ့ပွဲစဉ်အပြီး အန်းစလော့က သူ့ဆီမှာ အပေါင်းလက္ခဏာဆောင်တဲ့အကြောင်းပြချက်တွေ ရှိတယ်လို့ အခိုင်အမာပြောကြားခဲ့ပါတယ်။
အယ်လန်ရုတ်ဒ်ပွဲစဉ်ရဲ့ဒုတိယပိုင်းပွဲချိန်စတင်လာပြီး မကြာခင်မှာပဲ အီကီတီကီရဲ့အစွမ်းဖြင့် လီဗာပူးတို့ နှစ်ဂိုးပြတ်ဦးဆောင်နိုင်ခဲ့ပါတယ်။
ဒါပေမဲ့ ဂျီနွန်တိုအပေါ် ကိုနာတေးရဲ့ပြစ်ဒဏ်ဘောကျူးလွန်မှုမှတဆင့် ကယ်လ်ဗတ်လီဝင်ရဲ့ဗွေဆော်ဦးချေပဂိုး ခွင့်ပြုပေးခဲ့ရသလို မိနစ်ပိုင်းအကြာမှာပဲ စတက်ချ်က ဒန်နီရယ်ဖာကီရဲ့အသင်းအတွက် အရေးပါတဲ့ နောက်ထပ်ချေပဂိုးကို သွင်းယူပေးခဲ့ပါတယ်။
ပွဲချိန်နှောင်းပိုင်းမှာလည်း ဆိုဘိုဆလိုင်းရဲ့ကြိုးစားအားထုတ်မှုမှတဆင့် လီဗာပူးတို့ ဦးဆောင်ဂိုးရရှိခဲ့ပေမယ့် နာကျင်အချိန်ပိုမှာ တာနာကာက နောက်ထပ်လိုအပ်နေတဲ့ချေပဂိုးကို အိမ်ရှင်တွေအတွက် သွင်းယူပေးခဲ့ပါတယ်။
ပယ်နယ်တီပေးလိုက်ရတဲ့ ကိုနာတေးရဲ့ဖြစ်စဉ်နဲ့ပတ်သက်လို့ လီဗာပူးနည်းပြက “ သူ့အတွက် ကံမကောင်းခဲ့ပါဘူး။ သူက အရာအားလုံးကို လုပ်ဆောင်ပေးခဲ့ပေမယ့် ဒီဖြစ်ရပ်မှာတော့ အနည်းငယ်များသွားခဲ့ပါတယ်။
ကျွန်တော်တို့ရဲ့ပေးဂိုးတွေမှာ ကိုနာတေးပါဝင်ပတ်သက်နေတယ်လို့ အဓိပ္ပါယ်ရတဲ့အရာကို အင်္ဂလန်မှာ လူတွေ ပြောနေကြတာ ကြားဖူးနားဝရှိပါတယ်။ ဒါပေမဲ့ ဗဟိုခံစစ်မှူးတစ်ဦးအတွက်ဆိုရင် ဒါက ဘောလုံးမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့အရာပဲ ဖြစ်ပါတယ်။
ဒီနေ့မှာဆိုရင်လည်း ကြိုးစားအားထုတ်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ဖျက်ထုတ်မှုတစ်ခု ရှိခဲ့ပါတယ်။ ကိုနာတေးက ဖြတ်တင်ဘောပေးပို့လာနိုင်တဲ့အခြေအနေကို ပိတ်ဆို့ဖို့ အစွမ်းကုန်ကြိုးစားခဲ့ပြီး ဘောလုံးထွက်သွားချိန်၊ ပြိုင်ဘက်ကစားသမားအနည်းငယ်ဟန်ချက်ပျက်သွားပြီးမှ ဒီထိတွေ့မှု ပေါ်ပေါက်လာခဲ့တာပါ။
ဒီနေရာမှာ မေးခွန်းက အခုလိုဖြစ်ရပ်မျိုးမှာ VAR ပါဝင်သင့်သလား? လူအများစုကတော့ ဒါကိုမှန်တယ်လို့ ပြောကြပါလိမ့်မယ်။ ဒါပေမဲ့ ဒီလူတွေကိုယ်တိုင် အခုရာသီ၊ ကျွန်တော်တို့အသင်းကစားခဲ့တဲ့ပွဲစဉ်တွေမှာ VAR ကိုယ်တိုင် အခုလိုမျိုးမလုပ်ဆောင်ပေးခဲ့တဲ့ ပွဲစဉ်တွေကိုလည်း ပြန်ကြည့်ရှုသင့်ပါတယ်”လို့ ပြောပါတယ်။
အလွတ်တည်ကန်ဘောမှတဆင့် နောက်ထပ်ပေးဂိုးတစ်ဂိုး ရှိလာခဲ့ပြီးနောက် အန်းစလော့က သူ့အသင်းအနေဖြင့် ပိုကောင်းအောင် ကြိုးစားသွားရမယ်လို့ ဝန်ခံခဲ့ပေမယ့် ပြင်းထန်လွန်းလှတဲ့ ပြစ်ဒဏ်ခတ်မှုတစ်ခုပါလို့ အခိုင်အမာပြောကြားခဲ့ပါတယ်။
အန်းစလော့က “ အခွင့်အရေးတစ်ခုမှတဆင့် ဘာတွေမျှော်လင့်နိုင်မလဲဆိုတာကို ကြည့်လိုက်ရင် ကိုယ်မျှော်လင့်ထားတာထက်တောင် အများကြီးပိုမိုနေပါလိမ့်မယ်။
ကျွန်တော် ပြောချင်တဲ့အဓိပ္ပါယ်ကို သိကြပါသလား? ကျွန်တော်တို့က Expected Goal (xG) အကြောင်း ပြောနေကြတာပါ။ ဒါကို ကြည့်လိုက်ရင် ကျွန်တော်တို့က အလွတ်တည်ကန်ဘောမှတဆင့် ဂိုးတွေ အများကြီး မပေးထားရပါဘူး။ ဒါပေမဲ့ တကယ့်လက်တွေ့မှာတော့ ၁၀ ဂိုးအထိ ပေးထားရပါတယ်။ ဆိုဘိုဆလိုင်းဂိုးကိုသာ ထည့်မတွက်ရင် အလွတ်တည်ကန်ဘောမှတဆင့် ၁၀ ဂိုးပေးထားရပြီး တစ်ဂိုးမှမသွင်းယူနိုင်ဘဲ ကျွန်တော်တို့ထက် လိဂ်ရပ်တည်မှုမြင့်မားနေတဲ့ကလပ်အသင်း ကမ္ဘာပေါ်မှာရှိတယ်လို့ မထင်ပါဘူး။
ဒါဆိုရင် အခုလိုအခြေအနေမျိုးမှတဆင့် ဂိုးတွေ အများကြီးပေးထားရချိန် ကျွန်တော်တို့ရှိနေတဲ့ အမှတ်ပေးဇယားရပ်တည်မှုထက် ပိုမြင့်မားတဲ့အနေအထားမှာ ရှိနေဖို့ (သို့မဟုတ်) အမှတ်တွေ ပိုမိုရရှိဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး”လို့ ပြောပါတယ်။
အခုပွဲစဉ်ရလဒ်ပိုင်းကြောင့်လီဗာပူးက ပြိုင်ပွဲစုံနောက်ဆုံးခြောက်ပွဲမှာ တစ်ပွဲသာ အနိုင်ရရှိတယ်ဆိုပေမယ့် ပရီမီးယားလိဂ်နောက်ဆုံးသုံးပွဲဆက်ရှုံးပွဲမရှိလို့ အပေါင်းလက္ခဏာဆောင်တဲ့ အကြောင်းပြချက်ရှိတယ်လို့ အန်းစလော့ကိုယ်တိုင် အခိုင်အမာပြောဆိုပြန်ပါတယ်။