The network connection is lost.

Banner Image

ကိုနာတေးကို အသင်းမှာ သေချာပေါက်ဆက်ရှိစေချင်တယ်လို့ ပြောလိုက်တဲ့ အန်းစလော့

လီဗာပူးနည်းပြအန်းစလော့က နောက်ခံလူကိုနာတေးကို စာချုပ်သစ်ပေးနိုင်ဖို့အတွက် ဆွေးနွေးမှုတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ပြောကြားလိုက်ပါတယ်။

ပြင်သစ်နောက်ခံလူရဲ့လက်ရှိစာချုပ်သက်တမ်းက အခုဘောလုံးရာသီပြီးမြောက်ချိန် ကုန်ဆုံးဖို့ရှိနေပါတယ်။ ဘာစီလိုနာနဲ့ ပီအက်စ်ဂျီတို့ကလည်း ကိုနာတေးရဲ့အခြေအနေကို စိတ်ဝင်စားနေလို့ ကစားသမားအတွက် ရွေးချယ်ခွင့်တွေ ရှင်းရှင်းလင်းလင်းရှိနေပြန်ပါတယ်။

ဘရိုက်တန်ကိုအနိုင်ယူခဲ့တဲ့ အက်ဖ်အေဖလားပွဲစဉ်မတိုင်ခင် အန်းစလော့က "ကျွန်တော်တို့ သူနဲ့ ဆွေးနွေးမှုတွေ လုပ်နေတယ်ဆိုတာကပဲ အသင်းရဲ့ဆန္ဒကို ဖော်ပြနေတာပါ။ သူ့ကို အသင်းမှာ ဆက်ရှိစေချင်တာတော့ ရှင်းပါတယ်။ ဒါပေမဲ့ ညှိနှိုင်းမှုတွေလုပ်ဆောင်နေဆဲဖြစ်လို့ ဘယ်လိုအဆုံးသတ်မလဲဆိုတာ စောင့်ကြည့်သွားရပါမယ်။ သူ့ကို အသင်းမှာ ဆက်မထားချင်ဘူးဆိုရင် ကျွန်တော်တို့ အခုလိုဆွေးနွေးနေစရာအကြောင်း မရှိပါဘူး" လို့ ပြောခဲ့ပါတယ်။

"ဗန်ဒိုက်လိုပဲ ကိုနာတေးလည်း အရမ်းကောင်းနေပါတယ်။ အသက်အရွယ်ကွာခြားမှုတော့ ရှိနိုင်ပေမဲ့ အခုတလော ကိုနာတေး ခြေစွမ်းပြနေပါတယ်။ ရာသီအစပိုင်းမှာလည်း သူက ပွဲကောင်းတွေ အများကြီးကစားနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ တစ်ခါတလေဂိုးပေးလိုက်ရတဲ့အခြေအနေတွေမှာ သူလည်း ပါဝင်ပတ်သက်ခဲ့ပါတယ်။ သူ့ရဲ့ကစားဟန်က ယေဘုယျအားဖြင့် ကောင်းမွန်ပေမဲ့ အမှားသေးသေးလေးတစ်ခုကနေ ဂိုးပေးလိုက်ရတဲ့အခါ သူက တခြားပုံစံနဲ့ဝေဖန်ခံရတာမျိုးတွေ ရှိခဲ့ပါတယ်" လို့လည်း ဆိုပါတယ်။

ဆက်လက်ပြီး အန်းစလော့က " ဒါပေမဲ့ ကျွန်တော်ရောက်လာပြီးကတည်းက သူက ဗန်ဒိုက်နဲ့အတူ အတွဲညီညီကစားနိုင်ခဲ့သလို ဗန်ဒိုက်လိုပဲ ဒဏ်ရာကင်းကင်းနဲ့ အမြဲတမ်းအသင့်ရှိနေခဲ့ပါတယ်။ ဒဏ်ရာမရသွားစေဖို့ ကံကောင်းပါစေလို့ပဲ ဆုတောင်းပေးရပါမယ်။ သူတို့နှစ်ယောက်လုံးက သူတို့ရဲ့ အရည်အချင်းတင်မက ကျွန်တော်တို့ဆီမှာ သူတို့နေရာအတွက် အစားထိုးစရာလူအင်အားသိပ်မရှိတာကြောင့် အသင်းအတွက် တကယ်ကိုအရေးပါတဲ့သူတွေ ဖြစ်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။