The network connection is lost.

Banner Image

ဇာခါကို လေဗာကူဆင်မှ ထွက်ခွာခွင့်ပြုမှာမဟုတ်ကြောင်း အခိုင်အမာပြောကြားလာတဲ့ တန်ဟက်

လေဗာကူဆင်နည်းပြ အဲရစ်တန်ဟက်က ဆန်းဒါးလန်းက ချိတ်ဆက်နေတဲ့ အသင်းရဲ့ကွင်းလယ်လူ ဂရာနစ်ဇာခါဟာ အသင်းအတွက်အလွန်အရေးပါတဲ့ကစားသမားဖြစ်တာကြောင့် ထွက်ခွာခွင့်ပြုမှာမဟုတ်ကြောင်း အခိုင်အမာပြောကြားလာခဲ့ပါတယ်။ ယခုနွေရာသီအတွင်း လေဗာကူဆင်ဟာ အသင်းရဲ့တိုက်စစ်ကြယ်ပွင့် ဖလော်ရီယန်ဝစ်ဇ်နဲ့ အရေးပါတဲ့နောက်ခံလူ ဂျရယ်မီဖရင်မ်ပေါင်တို့ကို လီဗာပူးထံဆုံးရှုံးခဲ့ရပြီးဖြစ်သလို၊ ဗဟိုခံစစ်မှူး ဂျိုနသန်တာကိုလည်း ဘိုင်ယန်မြူးနစ်က ခေါ်ယူခဲ့တာကြောင့် အဓိကကစားသမား ၃ ဦးအထိ လက်လွှတ်ထားခဲ့ရတာဖြစ်ပါတယ်။ 

ယခုအခါမှာ ပရီးမီးယားလိဂ်သို့ တန်းတက်လာခဲ့တဲ့ ဆန်းဒါးလည်းကလည်း အသင်းရဲ့ကွင်းလယ်လူ ဇာခါကို ချိတ်ဆက်လာခဲ့တာကြောင့် တန်ဟက်အနေနဲ့ အာဆင်နယ်ကြယ်ပွင့်ဟောင်းကိုတော့ ထပ်မံဆုံးရှုံးခံတော့မှာမဟုတ်ကြောင်း ပြောကြားလာခဲ့ပါတယ်။ နယ်သာလန်သားနည်းပြက "သူ့ရဲ့အေးဂျင့်ဘာပဲပြောပြော ဂရုမစိုက်ပါဘူး။ ဒီအသင်းက အရေးပါတဲ့ကစားသမား ၃ ယောက်အထိ ဆုံးရှုံးခဲ့ရပြီးပါပြီ။ နောက်ထပ်ကစားသမားတွေ ထွက်ခွာခွင့်ပြုတော့မှာမဟုတ်ပါဘူး။ ဒီလိုလုပ်မယ်ဆိုရင် အသင်းရဲ့ပုံစံပျက်သွားပါလိမ့်မယ်။ ဇာခါက အသင်းရဲ့ခေါင်းဆောင်တစ်ဦးပါ။ သူဒီမှာ ၅ နှစ်စာချုပ်ချုပ်ခဲ့ပြီး အခု ၃ နှစ်ကျန်နေပါသေးတယ်။ သူကအရေးပါလွန်းလို့ လက်လွှတ်လို့မပါဘူး" လို့ပြောကြားခဲ့ပါတယ်။ 

အသက်-၃၂ နှစ်အရွယ် ဇာခါဟာ ၂၀၂၃-၂၄ ဘောလုံးရာသီမှာ လေဗာကူဆင်နဲ့အတူ ဘွန်ဒက်စ်လီဂါ ရှုံးပွဲမရှိဘဲ အမှတ်ပေးဖလားကိုဆွတ်ခူးနိုင်ခဲ့သလို၊ အဲဒီနှစ်မှာပဲ ဂျာမန်ပြည်တွင်းဖလားရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ဆွစ်ဇာလန်လက်ရွေးစင်ဟာ လေဗာကူဆင်အတွက် စုစုပေါင်း ၉၉ ပွဲကစားပေးထားပြီး ၆ ဂိုးသွင်းကာ ဂိုးဖန်တီးမှု ၉ ကြိမ်ပြုလုပ်ပေးထားပါတယ်။