The network connection is lost.

Banner Image

နယ်သာလန်ကို ဂိုးပြတ်အနိုင်ယူပြီးနောက် ဂျာမနီရဲ့ မဆုတ်မနစ် တိုက်စစ်ဆင်တဲ့ စိတ်ဓာတ်ပိုင်းအကြောင်း ဖလော်ရီယန်ဝစ်ဇ် ဖွင့်ဟ

ဖလော်ရီယန်ဝစ်ဇ်က ပထမပိုင်းပွဲချိန်အတွင်း ဦးဆောင်ဂိုးရရှိပြီးနောက် အသင်းရဲ့တိုက်စစ်ကစားဟန်ကို ဆက်လက်ထိန်းသိမ်းဖို့ စိတ်ပိုင်းဖြတ်ထားခဲ့ပြီး ပြိုင်ဘက်နယ်သာလန်ကို အရှိန်အဟုန်လျှော့ကစားသွားဖို့ ဂျာမနီအသင်း မစဉ်းစားထားခဲ့ဘူးလို့ အခိုင်အမာပြောကြားလိုက်ပါတယ်။

နေးရှင်းလိဂ်အုပ်စုဗိုလ်နေရာကို အရယူဖို့အတွက် အိုလံပီယာအားကစားကွင်းမှာ နယ်သာလန်ကို အပြတ်အသတ်အနိုင်ယူရင်း ဂျာမနီက ၂၀၂၆ ခုနှစ်၊ နိုင်ငံတကာပွဲစဉ်တွေကို ခမ်းခမ်းနားနား အဆုံးသတ်ခဲ့ပါတယ်။

နယ်သာလန်နဲ့ရင်ဆိုင်ရတဲ့ ပွဲစဉ်ရဲ့ ပထမပိုင်းမှာ ရှာဟန့်ရဲ့ လှပတဲ့အဖွင့်ဂိုးနဲ့အတူ အိမ်ရှင်တို့ ဦးဆောင်ကစားခဲ့ပြီး ဒုတိယပိုင်းမှာတော့ ဖလော်ရီယန်ဝစ်ဇ်(၂ ဂိုး)၊ ရှလော့တာဘတ်ချ်နဲ့ ဂရူဒါတို့ရဲ့သွင်းဂိုးတွေ ဆက်လက်ရရှိခဲ့ပါတယ်။

လက်ရွေးစင်အဆင့် ပွဲ ၅၀ ပြည့်မြောက်မှုအပြီး ARD သတင်းဌာနနဲ့တွေ့ဆုံချိန် ဖလော်ရီယန်ဝစ်ဇ်က ဒုတိယပိုင်းပွဲချိန်အတွင်း တိုက်စစ်ဆင်ကစားတဲ့ စိတ်ဓါတ်ပိုင်းအကြောင်း ပြောပြခဲ့ပြီး ခံစစ်ပိတ်ကာ ရလဒ်ပိုင်းကို ထိန်းသိမ်းသွားဖို့ ဆန္ဒမရှိခဲ့ဘူးလို့ ဖွင့်ဟခဲ့ပါတယ်။

လီဗာပူးကွင်းလယ်လူက "ကျွန်တော်တို့က တိုက်စစ်ကစားဟန်ကိုပဲ ရပ်တည်ပြသချင်တယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ အမြဲတမ်း ဂိုးတွေ သွင်းချင်သလို ပြိုင်ဘက်တွေကိုလည်း လွှမ်းမိုးထိန်းချုပ်ချင်ပါတယ်။ ရှေ့ကို ဆက်တိုက် ဖိအားပေးတိုက်စစ်ဆင်ပြီး ဂိုးတွေ ပိုသွင်းချင်ခဲ့ပါတယ်။ အဲဒါကို ကျွန်တော်တို့ အပြည့်အဝ လုပ်ပြနိုင်ခဲ့တယ်လို့ ထင်ပါတယ်" လို့ ပြောပါတယ်။ 

ဒတ်ချ်ပြိုင်ဘက်နဲ့ ရင်ဆိုင်ရာမှာ အစောပိုင်းပွဲချိန်တွေအတွင်း နေရာလွတ်တွေ ရှာဖွေဖို့ ရုန်းကန်ခဲ့ရပေမဲ့ ဒုတိယပိုင်းမှာတော့ အသင်းက ပေါ့ပေါ့ပါးပါး ပိုမိုကစားနိုင်ခဲ့တယ်လို့လည်း အသက် ၂၃ နှစ်အရွယ်ကစားသမားက ဝန်ခံခဲ့ပါတယ်။

ဖလော်ရီယန်ဝစ်ဇ်က "ပရိသတ်တွေအတွက် ပျော်ရွှင်မှုတွေ အများကြီးပေးစွမ်းနိုင်ဖို့ ကျွန်တော်တို့ သေချာပေါက် မျှော်လင့်သလို ကျွန်တော်တို့အတွက်လည်း တကယ်ကို ပျော်စရာ ကောင်းခဲ့ပါတယ်" လို့ ရှင်းပြပါတယ်။

"အထူးသဖြင့် ဒုတိယပိုင်းမှာပေါ့။ ပထမပိုင်းတုန်းကတော့ အလုပ်တွေ အများကြီး ကြိုးစားလုပ်ခဲ့ရသလို ပြေးလွှားမှုတွေလည်း အများကြီး လုပ်ခဲ့ရပါသေးတယ်"

"ဒုတိယပိုင်းမှာတော့ နေရာလွတ်တွေ ပိုရလာလို့ အရာအားလုံး အနည်းငယ် ပိုလွယ်ကူသွားခဲ့ပါတယ်။ အဲဒီအခါကျမှ တကယ်ကို ပျော်စရာ ကောင်းလာခဲ့တာပါ" လို့ ဆိုပါတယ်။

ကလော့ပ်ရဲ့လက်အောက် တတိယမြောက်နိုင်ပွဲကို ရယူခဲ့ပြီးနောက် သူတို့ရဲ့တိုးတက်မှုတွေအပေါ် ပြန်ပြောင်းသုံးသပ်ရင်း ရှေ့ဆက်ရမယ့် အနာဂတ်ကိုလည်း ဖလော်ရီယန်ဝစ်ဇ် အကောင်းမြင်နေခဲ့ပါတယ်။

"ဒါက တကယ်ကို သင့်တော်တဲ့ အဆုံးသတ်ပုံစံတစ်ခု ဖြစ်သလို ကျွန်တော်တို့ အရမ်း ကျေနပ်မိတဲ့ ပုံစံတစ်ခုလည်း ဖြစ်ပါတယ်။ လာမယ့်နှစ်မှာလည်း ဒီလိုပုံစံအတိုင်း ဆက်သွားချင်ပါတယ်။ ဒါက ရှင်းလင်းပါတယ်။ ကျွန်တော်တို့ ဒီထက် တိုးတက်ချင်ပါတယ်"

"အသင်းတစ်ခုအဖြစ် ဖွံ့ဖြိုးတိုးတက်မှုမှာ ကျွန်တော်တို့ ကောင်းမွန်တဲ့ ခြေလှမ်းတချို့ကို ဆက်လှမ်းနိုင်ခဲ့ပြီလို့ သေချာပေါက် ယူဆမိပါတယ်။ ဒီအသင်းရဲ့အစိတ်အပိုင်းတစ်ခု ဖြစ်ရတာကို အရမ်း ဂုဏ်ယူသလို ပျော်ရွှင်မိပြီး တကယ်လည်း ပျော်စရာ ကောင်းပါတယ်" လို့ ဆိုပါတယ်။