
လီဗာပူးရဲ့အစ္စတန်ဘူလ်နိုင်ပွဲကို အတုယူရမယ်လို့ အသင်းကို အလွန်ဆို တိုက်တွန်း
ဘိုင်ယန်မြူးနစ်ကို ၃ ဂိုးပြတ်အရေးနိမ့်ခဲ့ပြီးနောက် လေဗာကူဆင်နည်းပြ အလွန်ဆိုက မိမိတို့အသင်းအနေနဲ့ ဒုတိယအကျော့အတွက် လီဗာပူးရဲ့အစ္စတန်ဘူလ်နိုင်ပွဲကို အတုယူရမယ်လို့ တိုက်တွန်းပြောကြားလိုက်ပါတယ်။ လေဗာကူဆင်ဟာ ပြီးခဲ့တဲ့ ၁ ရာသီခွဲလောက်အထိ ဘိုင်ယန်ကို အားသာခဲ့တာဖြစ်ပြီး ၂၀၂၂ စင်တင်ဘာကတည်းက ဘိုင်ယန်က အနိုင်ယူနိုင်ခဲ့ခြင်းမရှိတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အခုချန်ပီယံလိဂ်ပထမအကျော့မှာတော့ ကွန်ပနီရဲ့အသင်းက လေဗာကူဆင်ကို ၃ ဂိုးပြတ်အနိုင်ယူနိုင်ခဲ့ပါတယ်။
ချန်ပီယံလိဂ်မှာတော့ ၃ ဂိုးပြတ်အနိုင်ရတဲ့အသင်းကို ဒုတိယအကျော့မှာ ပြန်လည်အနိုင်ဖို့ဆိုတာက ဖြစ်နိုင်ချေနည်းပါးလွန်းတာဖြစ်ပါတယ်။ အလွန်ဆိုက သူ့ကစားသမားတွေကို ဒုတိယအကျော့မှာ လီဗာပူးအသင်းရဲ့အစ္စတန်ဘူလ်နိုင်ပွဲကို အတုယူဖို့ တိုက်တွန်းပြောကြားခဲ့ပါတယ်။ အဆိုပါပွဲမှာ အလွန်ဆိုဟာ လီဗာပူးအသင်းရဲ့အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်ခဲ့ပြီး အေစီမီလန်ကို ၃ ဂိုးပြတ်အရေးနိမ့်နေရာကနေ ပြန်လာနိုင်ခဲ့တာဖြစ်ပါတယ်။
“လုံးဝသေချာပါတယ်။ အဲ့တာက အသေးစိတ်သိရဖို့ အချိန်ယူရပါမယ်။ ဒီရလဒ်ကိုကျော်ဖြတ်နိုင်ဖို့အတွက် အချိန်ယူရပါမယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ကောင်းကောင်းလုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ အရာအားလုံးက ကျွန်တော်တို့နဲ့ဆန့်ကျင်ဘက်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အဲ့တာက ကျွန်တော်တို့ ပြီးဆုံးပြီလို့ မသတ်မှတ်မချင်း မပြီးသေးပါဘူး။ ခင်ဗျားပြောသလို ဘာမဆိုဖြစ်နိုင်ပါတယ်။ကျွန်တော်တို့မှာ စိတ်ပိုင်းဆိုင်ရာခံယူချက်ကောင်းမယ်ဆိုရင် အခွင့်အရေးရှိနေပါသေးတယ်။ အဲ့အတွက် ကျွန်တော်တို့ တိုက်ခိုက်ရပါမယ်။ ကျွန်တော်တို့ ပြန်လည်တိုက်ခိုက်ရပါမယ်။
ဒီအမှားကကနေ ကျွန်တော်တို့ သင်ယူရပါမယ်။ ဒုတိယအကျော့အတွက် ယုံကြည်မှုရှိရပါမယ်။ကျွန်တော်တို့ အလွယ်တကူ လက်လျှော့လို့မရပါဘူး။ ၃ ဂိုးပြတ်လား?။ ခင်ဗျား ဘယ်လိုမှမသိနိုင်ပါဘူး။ တစ်ဂိုးတောင် အရာအားလုံးပြောင်းလဲနိုင်ပါတယ်”လို့ အလွန်ဆိုက ပြောကြားခဲ့ပါတယ်။ လေဗာကူဆင်ဟာ ချန်ပီယံလိဂ်ဒုတိယအကျော့မတိုင်ခင် ဝါဒါဘရီမင်နဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။